မလေးရှားသွားမည့် မြန်မာလုပ်သား ၁၄ ဦး ထိုင်းတွင် အဖမ်းခံရ

0
544
ရနောင်းခရိုင် ဒီရေတောထဲတစ်နေရာတွင် အဖမ်းခံရသည့် မြန်မာများ။

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသို့ တရားမဝင်နည်းလမ်းဖြင့် သွားရောက်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦး ထိုင်းတွင် အဖမ်းခံရပြီး ယင်းသို့ မကြာခဏ အဖမ်းခံရလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

မလေးရှားနိုင်ငံသို့သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၄ ဦးအား ထိုင်းနိုင်ငံ ရနောင်းမြို့ တွင် မတ်လ ၈ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ရနောင်းခရိုင်အတွင်းရှိ ဒီရေတောထဲတစ်နေရာတွင် ဖမ်းမိခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၎င်းတို့တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားများ မရှိဘဲ ပွဲစား လာရောက်ခေါ်ဆောင်မည်ကို စောင့်ဆိုင်းနေကြစဉ် ဖမ်းမိခြင်းဖြစ်‌ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးမိသူတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနေသူတို့ဖြစ်ကြပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၄၇၅၀၀ (မြန်မာကျပ်ငွေ သိန်းနှစ်ဆယ်ရှစ်သောင်းငါးထောင်) ပေးဆောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားသို့ သွားရောက်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံထဲတွင် မကြာခဏ ဖမ်းမိလေ့ရှိသည်ကိုတွေ့ရကြောင်း ထိုင်းနိုင်ငံ စတူလ်ခရိုင်တွင် လေးနှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေသည့် အသက် ၄၀ ကျော်အရွယ် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“အခုချိန်က အဖမ်းအဆီးတွေ အရမ်းများတယ်။ အစစ်အဆေးလည်း များတယ်။ ခိုးသွားတဲ့ မြန်မာတွေလည်း မကြာခဏ မိနေတာပဲ” ဟု ၎င်းက ဆိုသည်။

အထက်ပါ မလေးရှားသို့ သွားရောက်ကြမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံရသည့်နေရာမှာ ထိုင်း – မလေးရှား နယ်စပ်ဖြစ်သည့် စခုလာခရိုင် ဟတ်ယိုင်မြို့သို့ ရောက်ရှိရန် မိုင်သုံးရာကျော် လိုသေးကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ရနောင်းခရိုင်ကို ဖြတ်သန်းပြီး ဟတ်ယိုင်မြို့မှ တစ်ဆင့် မလေးရှား ဘက်သို့ သွားရောက်လေ့ရှိကြကြောင်း အထက်ပါ မြန်မာအလုပ်သမားက ဆိုသည်။