မြိတ်တွင် သောက်ရေသန့် ဈေးတက်

0
357

စက်သုံးဆီဈေးတက်မှုကြောင့် မြိတ်မြို့တွင် ကားဖြင့် အိမ်အရောက်ပို့ပေးနေသည့် သောက်ရေသန့် အပါအဝင် ရေသန့်ဗူးများ ဈေးတက်နေကြောင်း ရေသန့်စက်ရုံများနှင့် သုံးစွဲသူများထံမှ သိရသည်။

အိမ်အရောက်ပို့ပေးသည့် ၂၀ လီတာဆန့် သောက်ရေသန့်တစ်ပူးလျှင် ဗူးခွံဖိုးမပါဘဲ ကျပ်ခြောက်ရာမှ ကျပ်ခုနစ်ရာ ဖြစ်သွားပြီဖြစ်ကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်နေ အိမ်ရှင်မတစ်ဦးကပြောသည်။

“ရေ၊ မီး အကုန်ဈေးတက်၊ ခေတ်အခြေအနေက သောက်ရေတောင် ချွေတာပြီး သောက်ရမလိုဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

တစ်လီတာ သောက်ရေသန့်ဗူး ခြောက်ဗူးပါ တစ်ကပ်လျှင်လည်း ကျပ်သုံးရာ ဈေးတက်သွားသည်။

တစ်လီတာ ရေသန့်ဗူး ခြောက်ဗူးပါ တစ်ကပ်လျှင် ယခင် ကျပ် ၁၃၀၀ မှ လက်ရှိတွင် ကျပ် ၁၆၀၀ ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်း မြိတ်မြို့ရှိ နိုင်ရေသန့်စက်ရုံမှ တာဝန်ရှိသူက ပြောသည်။

“ဒီဇယ်ဈေးတွေတက်တော့ ရေသန့်စက်ရုံတွေ အကုန်လုံး ဈေးတက်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ဖေဖော်ဝါရီလက ဒီဇယ်တစ်ပီပါ ကျပ်သုံးသိန်းခွဲပေါက်ဈေးရှိရာမှ လက်ရှိအချိန်တွင် ကျပ်ငါးသိန်း ဈေးပေါက်နေပြီဖြစ်ကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

မြိတ်မြို့တွင် ရေသန့်ထုတ်လုပ်သည့် စက်ရုံအနည်းဆုံး ရှစ်ရုံခန့်ရှိပြီး စက်ရုံများက ကားများဖြင့် ၎င်းတို့ ဖောက်သယ်ရှိရာ ရပ်ကွက်အလိုက် အိမ်အရောက်ပို့သည့် စနစ်ဖြင့် လိုက်လံပို့နေကြခြင်းဖြစ်သည်။

မြိတ်မြို့က ထုတ်လုပ်သည့် ရေသန့်များကို မြိတ်မြို့ပေါ်အပြင် မြို့အနီးတစ်ဝိုက်ကျေးရွာများကလည်း ဝယ်ယူသောက်သုံးကြကြောင်း ရေသန့်စက်ရုံများ ထံမှသိရသည်။

မြို့ပေါ်လူဦးရေ အများစုမှာ သောက်ရေအတွက် စက်ရုံထုတ် သောက်ရေသန့်များကို ဝယ်ယူ သောက်သုံးကြကြောင်း အဆိုပါစက်ရုံများနှင့် သုံးစွဲသူများထံမှ သိရသည်။