မြိတ်နှင့် ပုလောတို့တွင် မိုင်းပေါက်ကွဲပြီးနောက် ပစ်ခတ်မှုများဖြစ်

0
181

မြိတ်မြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီးနှင့် ပုလောမြို့နယ် မင်းထိန်ရွာအနီးတွင် မိုင်းပေါက်ကွဲပြီး နောက် ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်လုံးကြီးကျေးရွာအနီး ကားလမ်းမကြီးပေါ်တွင် မတ်လ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်ကောင်စီတပ် ကား၊ ဆိုင်ကယ်တို့ဖြင့် သွားလာစဉ် ပေါက်ကွဲသံ နှစ်ကြိမ် ကြားရပြီးနောက် ပစ်ခတ်သံများ ၁၅ မိနစ်ခန့် ကြားရကြောင်း ကျောက်လုံးကြီးဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဘက်က ကားတစ်စီးပျက်စီးကာ ဒဏ်ရာရသူရှိသည်ဟု သတင်းကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းမိုင်းဖောက်ခွဲမှုအား မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ယင်းဖြစ်စဉ်ပြီးနောက် ည ၁၂ နာရီကျော်တွင် ပုလောမြို့နယ် မင်းထိန်ကျေးရွာနှင့် ပဝတ်ကုန်းရွာကြားတွင် လည်း ပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီးနောက် သေနတ်ပစ်ခတ်သံ အချက်တစ်ရာနီးပါးခန့်ကြားရကြောင်း ဒေသခံများက ပြောပြသည်။

“မနက်သွားကြည့်တော့ လမ်းမပေါ်ကား ပေါက်ကွဲထားတဲ့အရာတွေနဲ့ မှန်ကွဲတွေ တွေ့ရတယ်” ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

ယင်းမိုင်းပေါက်ကွဲမှုမှာ မင်းထိန်ကျေးရွာအနီး ကျောက်ပုစွန်တောင်အဆင်း၊ မီးသင်္ဂြိုဟ်စက်ရှေ့တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အထိအခိုက် ရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ယင်းမိုင်းပေါက်ကွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရှိရသေးကြောင်း ဒေသခံများက ဆိုသည်။

ကျောက်လုံးကြီးနှင့် မင်းထိန်ရွာတို့သည် ရန်ကုန်- မြိတ်- ထားဝယ် – ရန်ကုန် ကားလမ်း ပြည်ထောင်စု လမ်းမပေါ်တွင် ရှိပြီး မြိတ်နှင့် ပုလောမြို့နယ် အစပ်တွင် တည်ရှိကြသည့် ကျေးရွာများဖြစ်သည်။

ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ကျောက်လုံးကြီးကျေးရွာနှင့် မင်းထိန်ကျေးရွာတို့က ဒေသခံများမှာ တိမ်းရှောင်ခြင်း မရှိသေးဘဲ အခြေအနေ စောင့်ကြည့်နေကြကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

မင်းထိန်ကျေးရွာအနီးက ပဝတ်ကုန်းနှင့် ကဒဲကျေးရွာတို့တွင်မူ ဒေသခံအများစုမှာ ယခုဖြစ်စဉ် မတိုင်ခင် ကပင် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။