ရေးတွင် မီတာခ ဈေးတက်၊ ကျေးရွာအချို့ တစ်ယူနစ် ကျပ် ၁၄၀ဝအထိ ပေးရ

0
236

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ အထိ ပေးနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလအတွက် လျှပ်စစ်အသုံးပြုခကို ပေးရရာတွင် ယင်းဈေးအတိုင်း ပေးနေရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မဟာဓါတ်အားလိုင်း မရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီတို့က လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏီ လျှပ်စစ်ဖြန့်ဖြူးရေး မရောက်သည့် ကျေးရွာတို့တွင် ကိုယ်ထူ ကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။

ပုဂ္ဂလိက ကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးနေသည့် ရပ်ကွက် ကျေးရွာ ၃၀ ကျော်ရှိသည်။

လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာ တို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ မှ ဖေဖော်ဝါရီလမှစပြီး တစ်ယူနစ် ကျပ် ၁၄၀၀ အထိ ဈေးတက်သွားကြောင်း သုံးစွဲသူတို့၏ ပြောပြချက်အရ သိရသည်။

ယင်းသို့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီး အသုံးပြုသည့် ကျေးရွာ ၁၀ ရွာထက် မနည်းရှိပြီး အချို့မှာ ၁၂၀၀၊ ၁၃၀၀ ကျပ် ပေးရသည်များလည်းရှိပြီး အမြင့်ဆုံးမှာ ၁၄၀၀ အထိ ပေးရခြင်းဖြစ်ကြောင်း ကျေးရွာအချို့ထံမှ သိရသည်။

“မီတာခက အခု တစ်ယူနစ် ၁၄၀၀ ဖြစ်သွားပြီ။ မဖြစ်မနေ သုံးရမယ့်ဟာလောက်ပဲ ချွေတာပြီး သုံးနေရတယ်” ဟု ခေါဇာမြို့နယ်ခွဲ ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ပုဂ္ဂလိကကုမ္ပဏီတို့က ဖြန့်ဖြူးပေးနေသည့် ရပ်ကွက် ကျေးရွာတို့တွင်လည်း ဖေဖော်ဝါရီလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၉၀၀ အထိ တိုးမြှင့်ကောက်ခံနေကြောင်း ရေးမြို့ မီးလင်းရေးကော်မတီက ကြေညာထားသည်။ အာဏာမသိမ်းမီက တစ်ယူနစ် ကျပ် ၆၀၀ ဈေးရှိပြီး လက်ရှိတွင် ၉၀၀ အထိ ဈေးတက်လာခြင်းဖြစ်သည်။

“ဒီဇယ်ဈေးတက်လို့ မီတာခ တိုးမြှင့်ကောက်ခံရတာဖြစ်တယ်” ဟု ရေးမြို့ မီးလင်းရေးကော်မတီဝင် တစ်ဦးက ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌ ဒီဇယ်ဆီဈေး တစ်လီတာ ကျပ် ၂၀၀၀ ကျော် ရှိနေသည်။

လျှပ်စစ်မီတာခ ဆက်တိုက်မြင့်တက်လာသည့်အတွက် အထူးသဖြင့် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင် နေကြရသည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရသည်ဟုလည်း ရေးမြို့ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခကို အာဏာမသိမ်းခင်က တစ်ယူနစ်လျှင် ကျပ် ၃၅၀ နှင့် ၄၅၀ အကြားရှိခဲ့ရာမှ တဖြည်းဖြည်း ဈေးမြင့်တက်လာခဲ့သည့် ဒီဇယ်ဈေးကြောင့် ယခုဆိုလျှင် တစ်ယူနစ် ကျပ် ၁၀၀၀ ကျော်အထိ ဈေးတက်သွားပြီဖြစ်သည်။