စားအုန်းဆီဈေး သုံးဆနီးပါးတက်လို့ အခြေခံလူတန်းစားများ အခက်တွေ့

0
451

စားအုန်းဆီဈေးနှုန်းမှာ အာဏာမသိမ်းမီကဈေးထက် သုံးဆနီးပါးမြင့်တက်လာသည့်အတွက် အ‌ခြေခံ လူတန်းစားများ အခက်တွေ့နေရကြောင်း ငြီးတွားနေကြသည်။

ထားဝယ်ဈေးကွက်တွင် ၁၀ ပိဿာ ၄၀ ကျပ်သားဝင် ကော်ဆီပုံးဝါတစ်လုံးလျှင် ကျပ်ရှစ်သောင်းဝန်းကျင်၊ ပဲလုံးဆီ တစ်လီတာ တစ်ဘူးလျှင် လေးထောင်ငါးရာကျပ်ဝန်းကျင်နှင့် ပုဇွန်ဆီတစ်ဘူးလျှင် လေးထောင်ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။

အဆိုပါ ဈေးနှုန်းများမှာ မတ်လ ၇ ရက်နေ့ ပေါက်ဈေးများဖြစ်သည်။

အထက်ပါစားအုန်းဆီဈေးများမှာ အာဏာ မသိမ်းမီက သုံးသောင်းဝန်းကျင်သာရှိပြီး လက်ရှိမှာ ယင်းဈေးထက် သုံးဆနီးပါး မြင့်တက်နေခြင်းဖြစ်‌ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စားအုန်းဆီဈေးမှာ နေ့တိုင်းနီးပါး ဈေးတက်နေပြီး အပြောင်းအလဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။

“ဆီဈေးက တစ်နေ့တစ်ဈေး ဖြစ်နေတယ်။ ဒီနေ့ရောင်းတဲ့ဈေးက မနက်ဖြန် ကိုယ်ပြန်ဝယ်ရတဲ့ အရင်း ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

‌ဆီးဈေး အဆမတန်မြင့်တက်လာချိန်တွင် ကော်ဆီပုံးဝါ၏ စားအုန်းဆီအရည်အသွေးနိမ့်လာပြီး ဆီအရောင် နောက်ကျိနေသည်ကိုတွေ့ရကြောင်း အထက်ပါလုပ်ငန်းရှင်က ဆိုသည်။

ထားဝယ်ဈေးကွက်ရှိ စားအုန်းဆီအများစုမှာ ထိုင်းနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းနိုင်ငံ၌ပင် မူလဝယ်ရင်းဈေးမြင့်တက်နေခြင်းနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း နိမ့်ကျနေခြင်းတို့ကြောင့် စားအုန်းဆီဈေး မြင့်တက်နေခြင်းဖြစ်သည်ဟု အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။

ထားဝယ်မြို့တွင် မုန့်ကြော်‌ရောင်းချနေသူတစ်ဦးကမူ ဆီဈေးအရင်ထက် သုံးဆနီးပါး မြင့်တက်နေသည့် အတွက် အမြတ်မကျန်တော့ကြောင်း ငြီးတွားပြောဆိုသည်။

“ဒီအလုပ်ပဲ မလုပ်တော့ဘူးဆိုရင် အခြားအလုပ်မရှိတော့ တွက်ခြေမကိုက်လည်း လုပ်နေရတာပဲ” ဟု အထက်ပါ မုန့်ကြော်ရောင်းနေသူက ပြောသည်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် စားအုန်းဆီဈေးအပြင် အခြား ကုန်ပစ္စည်းများလည်း ဈေးနှုန်း အဆမတန်မြင့်တက်နေသည်။