ထားဝယ်တွင် သုံးလသားကလေးအပါအဝင် လေးဦး ကိုဗစ်ဖြင့် သေဆုံး

0
430
ဓာတ်ပုံ- dawei red cross branch

ရေဖြူမြို့နယ် မူးဒူးရွာက အသက် သုံးလသား ကလေးတစ်ဦး အပါအဝင် လူလေးဦး မတ်လ ၆ ရက်နေ့က ကိုဗစ်‌ဖြင့် သေဆုံးသွားကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် နာရေးကူညီမှု-ထားဝယ်တို့ထံမှ သိရသည်။

သုံးလသား ကလေးငယ်မှာ ဆေးရုံကြီးရှိ ကိုဗစ်ကုသဆောင်တွင် ကုသနေစဉ် မတ်လ ၆ ရက်နေ့ ညနေ လေးနာရီခန့်တွင် သေဆုံးသွားကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ဆိုသည်။

“ကိုဗစ်နဲ့ လသားအရွယ်သေတာ ထားဝယ်မှာ ပထမဆုံးပဲ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ဖြင့်သေဆုံးသည့် အထက်ပါကလေးငယ်အား ယနေ့ (မတ် ၇) သင်္ဂြိုဟ်မည်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသွားသည့် ကလေးငယ်၏ မိဘတွင်မူ ကိုဗစ်ပိုးမတွေ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်က အသက် ၈၃နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ခုံဝင်းဒပ်ရပ်ကွက်က အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ တလိုင်းမရပ်ကွက်က အသက် ၆၃နှစ်အရွယ် အမျိုးသားတစ်ဦး တို့မှာလည်း ကိုဗစ်ဖြင့် သေဆုံးသဖြင့် မတ်လ ၆ ရက်နေ့တွင် မီးသင်္ဂြိုလ်ကြောင်း နာရေးကူညီမှု-ထားဝယ်ထံမှ သိရသည်။

ထားဝယ်ခရိုင်အပါအဝင် တနင်္သာရီတိုင်းတွင် ကိုဗစ်ပိုးတွေ့နှုန်း မြင့်နေဆဲဖြစ်သည်။ ထားဝယ်တွင် ကိုဗစ်စတင်ဖြစ်ပွားသည့်ချိန်မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၅၈၀ ဝန်းကျင် ရှိကြောင်း နာရေးကူညီမှု-ထားဝယ်၏ စာရင်းများအရ သိရသည်။