မီတာခ ဈေးတက်သဖြင့် အိမ်ရှင်မများ မီးသွေး အသုံးများလာ၊ မီးသွေးလည်း ဈေးတက်

0
482

လျှပ်စစ်မီတာခ ဈေးကြီးလာသည့်အတွက် အိမ်ရှင်မများ ချက်ပြုတ်ရာတွင် မီးသွေးကို ပိုမိုအသုံးပြု လာကြပြီး လက်ရှိတွင် မီးသွေးတစ်အိတ်လျှင်လည်း ကျပ်နှစ်ထောင်ဝန်းကျင် ဈေးတက်နေကြောင်း မြိတ်မြို့က အိမ်ရှင်များနှင့် မီးသွေးရောင်းသူများထံမှ သိရသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်က လျှပ်စစ်တစ်ယူနစ် ၂၃၅ ကျပ်သာရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ယူနစ်ကျပ် ၅၀၀ နီးပါး ပေးဆောင်နေရသည်။

လတ်တလောတွင်လည်း စက်သုံးဆီဈေးများ အဆမတန်မြင့်တက်လာလျှက်ရှိရာ မီတာဈေးနှုန်းများ သည်လည်း တစ်ယူနစ် ကျပ် ၈၀၀ အထိ မြင့်တက်လာနိုင်သည်ဆိုသည့် သတင်းထွက်ပေါ်နေပြန်ကြောင်း အိမ်ရှင်မများထံမှ သိရသည်။

“လျှပ်စစ်က မလိုအပ်ရင် မသုံးတော့ဘူး။ ချက်ပြုတ်ကြော်လှော်တာတွေအားလုံး မီးသွေးပဲ သုံးနေပြီ” ဟု မြိတ်မြို့ ကန်ဖျားရပ်နေ လူလတ်တန်းစား အိမ်ရှင်မတစ်ဦးက ပြောသည်။

လျှပ်စစ်သာမဟုတ် ဂတ်စ်ဈေးနှုန်းများလည်း တက်လာသဖြင့် ဂတ်စ်အိုးဖြင့် ချက်ပြုတ်ခြင်းအစား မီးသွေးပြန်လည် အသုံးပြုလာကြောင်းလည်း အိမ်ရှင်မအချို့က ဆိုသည်။

“အရင်က ဂတ်စ်တစ်ခါဖြည့်ရင် နှစ်သောင်းကျော်ပဲကျတယ်။ ခုက တစ်ခါဖြည့် လေးသောင်းနီးပါး ဖြစ်နေပြီ” ဟု ဂတ်စ်သုံးရာမှ လက်ရှိတွင် မီးသွေး ပြောင်းသုံးနေသည့် မြိတ်မြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။

မီတာခ၊ ဂတ်စ် တို့ ဈေးတက်သလို မီးသွေးကလည်း ဈေးလိုက်တက်နေသည်။

ယခင်လက နှစ်တင်းဝင် မီးသွေးတစ်အိတ် ကျပ်ခြောက်ထောင်ရှိခဲ့ရာမှ လက်ရှိတွင် ကျပ်ရှစ်ထောင်အထိ ပေးကာ ဝယ်ယူအသုံးပြုနေရကြောင်း အိမ်ရှင်မများထံမှ သိရသည်။

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် မီးသွေး ဝယ်ယူရောင်းချသူ အမျိုးသမီးတစ်ဦးကမူ မီးသွေးတစ်အိတ်လျှင် ပုံမှန်ဈေး ခြောက်ထောင်ငါးရာကျပ်ဖြင့် ထုတ်လုပ်သူများထံမှ ဝယ်ယူနေရာမှ လက်ရှိတွင် အိမ်အရောက် ကျပ်ရှစ်ထောင်အထိ မြင့်တက်သွားကြောင်း ပြောသည်။

ထို့ကြောင့် ပုံမှန်ကျပ်နှစ်ရာဖြင့် ထုတ်ရောင်းချနေသည့် ဆန်တစ်ပြည်ဝင်ဆန့် မီးသွေးတစ်ထုပ်ကို လက်ရှိတွင် ကျပ်သုံးရာဖြင့် ရောင်းနေရကြောင်း ၎င်းက ပြောဆိုသည်။

“နှစ်ရာတန်က ထုတ်လို့ မကိုက်တော့ဘူး။ နည်းနည်း ပိုထည့်ပြီး သုံးရာတန်ထုတ်တယ်။ တခြားသူတွေလည်း ဒီလိုပဲလုပ်နေရတယ်” ဟု အထက်ပါ မီးသွေးရောင်းချသည့် အမျိုးသမီးက ပြောသည်။

သုံးရာတန် မီးသွေးတစ်ထုပ်လျှင် ထမင်းတစ်အိုးနှင့် ဟင်းတစ်အိုးစာ ချက်ပြုတ်နိုင်ကြောင်း အိမ်ရှင်မများထံမှ သိရသည်။

မီးသွေးများကို ပင်လယ်ကျွန်းရွာများ၌ ထုတ်လုပ်နေကြပြီး မြိတ်မြို့သို့ စက်လှေများဖြင့်တင်ဆောင်ကာ လာရောက် ရောင်းချကြသည်။

ယင်းသို့ လာရောက်ရောင်းချရာတွင် ယခင်လက လိုသလောက် ဝယ်ယူခွင့်ရသော်လည်း ယခုအခါ မရတော့ကြောင်း မီးသွေးဝယ်ယူရောင်းချသူ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

“လှေတစ်ခေါက်လာရင် ပုံမှန်ဆယ်အိတ် ဝယ်တဲ့နေရာမှာ ခုကခြောက်အိပ်ခုနှစ်အိတ်ပဲ ရောင်းပေး တော့တယ်။ ဒါတောင်ဖောက်သည်မို့ရတာ၊ အပြင်လူဆို မရောင်းပေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောပြသည်။

မီးသွေးထုတ်လုပ်ရောင်းချကြသူများအနေဖြင့်လည်း ထုတ်လုပ်မှု၊ တင်ပို့မှု၊ အလုပ်သမားစရိတ်၊ စားစရိတ် များ ကြီးမြင့်လာသည့်အတွက် ဈေးတင်ရောင်းချရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အိမ်ထောင်စုတစ်စု တစ်လ မီးသွေးအသုံးပြုမှု အနည်းဆုံး နှစ်တင်းဝင်တစ်အိတ်ရှိပြီး အချို့အိမ်များတွင် နှစ်အိတ်ခန့် ကုန်ကြောင်း မီးသွေးအသုံးပြုသူများ ထံမှသိရသည်။

တနင်္သာရီတိုင်းတွင် အိမ်ထောင်စု ၃ သိန်းနီးပါးရှိပြီး ၄၃ ရာခိုင်နှုန်းကျော်သည် အစားအစာချက်ပြုတ်ရန် မီးသွေးကို အသုံးပြုနေကြောင်း ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဉီးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ဖော်ပြသည်။