နိုင်ငံရေးမတည်ငြိမ်သည့်ကာလ ထားဝယ်တွင် မြေအကွက်ရိုက်ရောင်းချမူ ပိုများလာ

0
293
မြို့သစ်တွင် မြေအကွက်ရိုက်ထားသည်ကို ယနေ့ တွေ့ရစဉ်

နိုင်ငံရေး မတည်ငြိမ်သောကာလ အုပ်ချုပ်ရေးပိုင်း လျော့ရဲနေသည့်အချိန်တွင် ထားဝယ်ခရိုင်အတွင်း အိမ်မြေ အကွက်ရိုက်ရောင်းချမူ ပိုမိုများပြားလာကြောင်း ဒေသခံအချို့က ပြောသည်။

လယ်မြေကို မြေဖို့၊ ဥယျာဉ်ခြံမြေကို အပြောင်ရှင်းပြီး အကွက်ရိုက်ကာ အိမ်မြေအဖြစ် ရောင်းချနေကြခြင်း ဖြစ်သည်။

NLD အစိုးလက်ထက်ကမူ ယင်းကဲ့သို့ မြေအကွက်ရိုက် ရောင်းချခြင်းသည် တရားဝင်မှု မရှိသဖြင့် တားမြစ် အရေးယူခဲ့သည်။

ယင်းကဲ့သို့အရေးယူသဖြင့် အကွက်ရိုက်ရောင်းချမူ အတိုင်းအတာတစ်ခုအထိ လျော့နည်းခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်းတွင် အကွက်ရိုက်မြေရောင်းချမူများ ပိုမိုတွင်ကျယ်လာခဲ့ ပြန်သည်။

ယခင်က အကွက်ရိုက်မြေ ရောင်းဝယ်ခြင်းများကို သိုသိုသိပ်သိပ်လုပ်ဆောင်ကြသော်လည်း လက်ရှိတွင် ဒေသတွင်း Facebook ဆယ်လီများကို ငှားရမ်းပြီး Facebook မှတစ်ဆင့် Live လွှင့် ရောင်းချသူများပင် ရှိနေသည်။

“တစ်ခါငှားပြီး‌ ကြော်ငြာခိုင်းရင် ငါးသောင်း (ကျပ်) ပေးရတယ်” ဟု ‌အကွက်ရိုက်မြေပွဲစားတစ်ဦးက ဆိုသည်။

ယခင်က ထားဝယ်မြို့ပြင် အနီးနားတဝိုက်ရှိ မြေများကိုသာ အကွက်ရိုက်လေ့ရှိသော်လည်း ယခုမူ မြို့နှင့် ဝေးသည့် ကျေးရွာ‌တော်တော်များများတွင်လည်း အကွက်ရိုက်ရောင်းချမူရှိကြောင်း ၎င်းမြေပွဲစားက ဆိုသည်။

လက်ရှိတွင် အကွက်ရိုက်ရောင်းချနေသူ အများစုသည် ‌ဥပဒေအရ လယ်မြေကို အခြားနည်းအသုံးပြုခွင့်၊ အိမ်ဆောက်လုပ်ခွင့်မရှိဘဲ ရောင်းချနေကြကြောင်း ထားဝယ်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

ယင်းအတွက်ကြောင့် လယ်မြေ၊ ဥယျာဉ်ခြံမြေပေါ်တွင် အကွက်ရိုက်မြေကို ဝယ်ယူခြင်းသည် ပိုင်ဆိုင်မူ အထောက်အထား ခိုင်မာမှု မရှိကြောင်း ၎င်းကပြောသည်။

“အခုက နားလည်မူနဲ့ပဲ ရောင်းဝယ်နေကြတာ။ တရားဝင်မူတော့ မရှိကြဘူးပေါ့။ မြေယာ အခြားနည်း အသုံးပြုခွင့် မရှိဘဲနဲ့ အိမ်ဆောက်လို့ရအောင်ထိ မလုပ်ဘဲနဲ့ ရောင်းနေကြတာက များတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ တရားမဝင် အကွက်ရိုက်နေခြင်းများကို အရေးယူမူ မရှိသဖြင့် အကွက်ရိုက်သူများ ပိုမို ရဲတင်းလာခြင်းဖြစ်နိုင်ကြောင်း လောင်းလုံးဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“အရင်ကဆို ကျွန်တော်တို့ကြားနေရတာပဲလေ။ လယ်မြေဖို့လို့ သတိပေးစာတွေထုတ်တယ်ဆိုတာတွေ၊ တရားစွဲတာတွေ ကြားနေရတာပဲ။ အခုက ရွာတွေမှာ အုပ်ချုပ်ရေးမှူးတောင်မရှိတာ ဘယ်လို အရေးယူ မလဲ။ အရေးယူသူ မရှိရင် ပိုပြီးလုပ်ရဲလာတယ်လေ” ဟု ၎င်းကဆိုသည်။

အကွက်ရိုက်မြေဝယ်ထားသည့် လောင်းလုံး ဒေသခံဒေါ်မယ်မြကမူ လက်ထဲ ငွေပမာဏ အများအပြား ကိုင်ထားရသည်ကို စိုးရိမ်ခြင်း၊ ရွှေဈေးမြင့်တက်နေခြင်းတို့ကြောင့် တန်းဖိုးနည်း အကွက်ရိုက် မြေကိုသာ ဝယ်ယူထားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အကွက်ရိုက်မြေကို မြေဖို့မည့် မြေသယ်ကားများမှာလည်း စည်းကမ်းမရှိကြဘဲ လမ်းတလျှောက် မြေမှုန့်များ ကျနေသဖြင့် လမ်းသွား၊ လမ်းလာများ စိတ်အနှောက်အယှက်ဖြစ်ကြရကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။