မွန်တွင် ယနေ့ ကိုဗစ်လူနာ ခုနစ်ဦး သေဆုံး

0
192

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများ အနက် ခုနစ်ဦး ယနေ့ (မတ် ၈) ထပ်မံသေဆုံးသွားကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေသည့်အပြင် သေဆုံးမှုလည်း တိုးလာ နေကြောင်း ၎င်းတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ရှိပြီး ယခုမတ်လတွင် ၁၀ ဦးကျော်ရှိပြီ ဖြစ်ကြောင်း ကိုဗစ်ဖြင့် သေဆုံးသည့် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ပေးသည့် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ယနေ့ သေဆုံးလူနာများတွင် ရောဂါအခံရှိသည့် အသက်ကြီးသူများ ပါဝင်သလို လူလတ်ပိုင်းများလည်း ပါဝင်ကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။

“ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုကတော့ နေ့တိုင်းလိုလို ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် အတည်ပြုလူနာ သေဆုံးမှုရှိနေသည့်အပြင် နေအိမ်တွင် သေဆုံးသည့် ကိုဗစ်လူနာများလည်း ရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းခန့်မှစကာ ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိခဲ့လာပြီး ဖေဖော်ဝါရီလတွင် တွေ့ရှိမှု ပြန်လည်မြင့်တက်လာခဲ့သည်။

၎င်းအပြင် ဖေဖော်ဝါရီလမှစပြီး အတည်ပြုလူနာ သေဆုံးမှု ဆက်တိုက်ရှိလာခဲ့သည်ဟုလည်း လူမှုကယ်ရေးအဖွဲ့တို့မှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ တစ်လအတွင်း မွန်ပြည်နယ်တွင် ကိုဗစ် ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိသည်။

ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ပိုးတွေ့လူနာ အရေအတွက်ထက် မြေပြင်တွင် ပိုးတွေ့လူနာ ပိုများ နိုင်ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ခန့်မှန်းကြသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက်ရှိခဲ့ သည်။