တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေမည့်သူ လေးထောင်ကျော်သာရှိ

0
293

တက္ကသိုလ်ဝင် စာမေးပွဲဖြေသူ နှစ်စဉ် နှစ်သောင်းကျော်ရှိသည့် တနင်္သာရီတိုင်းတွင် ယခုနှစ် စာမေးပွဲ ဖြေရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ လေးထောင်ကျော်သာရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

၂၀၁၉ -၂၀၂၀ ပညာသင်နှစ်က (ကိုဗစ်စတင်ဖြစ်ပွားသည့်နှစ်) တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေသူ ကျောင်းသား၊ ကျောင်းသူ ၂၅၂၆၄ ဦးရှိခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် ပညာသင်နှစ်တွင် နိုင်ငံ အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားသဖြင့် စစ်မေးပွဲ စစ်ဆေးခြင်း မရှိခဲ့ပေ။

ယခုပညာသင်နှစ်တွင်မူ စာမေးပွဲဖြေမည့်သူ ၄၇၆၃ ဦးသာရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ယခုပညာသင်နှစ်တွင် ကျောင်းလာအပ်သူနည်းသဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ နည်းသွားခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။

“အဓိကတော့ ကျောင်းလာ မအပ်လို့ပေါ့” ဟု ၎င်းက ဆိုသည်။

တိုင်းအတွင်း ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား ၁၇၅၀ ဦး၊ ကျောင်း သူ ၂၉၉၇ ဦးရှိပြီး မြန်မာနိုင်ငံစာစစ်ဌာနသို့ တိုက်ရိုက်လျှောက်ထားသူမှာ ၁၆ ဦးရှိကြောင်း အထက်ပါရုံး (စီမံ) ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းယုက ပြောသည်။

စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအတွင်း ဖြေဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်တွင် နိုင်ငံရေးမတည်ငြိမ်ခြင်း၊ မလုံခြုံခြင်း၊ အာဏာသိမ်းကာလတွင် ကျောင်း မတက်လိုခြင်း စသည်တို့ကြောင်း ကျောင်းတက်ရောက်သူ နည်းပါးခြင်းဖြစ်ကြောင်း ကျောင်းသား မိဘများနှင့် ကျောင်းသူ၊ ကျောင်းသားများထံမှ သိရသည်။

လောင်းလုံးမြို့နယ်က တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦးကမူ အာဏာသိမ်းထားသည့်ကာလတွင် ကျောင်းမတက်လိုသဖြင့် CDM ပြုလုပ်ထားကြောင်း ပြောဆိုသည်။

“စီးပွားရေးလည်း အဆင်မပြေဘူးဆိုတော့ အခုက ပန်းရံလုပ်နေတယ်။ ရွာမှာက ပန်းရံအလုပ်ပဲ ရှိတာဆိုတော့” ဟု ၎င်းက ပြောသည်။

၎င်း၏ ကျောင်းနေဖက်သူငယ်ချင်းများလည်း ကျောင်းဆက်မတက်ကြဘဲ CDM ပြုလုပ်ထားကြောင်း အထက်ပါကျောင်းသားက ဆိုသည်။

၂၀၂၀ ပညာသင်နှစ်က တိုင်းအတွင်း စာစစ်ဌာန ၄၈ ခုရှိပြီး ယခု ပညာသင်နှစ်တွင် စာစစ်ဌာန ၂၈ ခုရှိကြောင်း ဦးဇော်မင်းယုက ပြောသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံအတွင်း ကိုဗစ် ရောဂါကူးစက်ပြန့်ပွားခဲ့ပြီး စာသင်ကျောင်းများကို ဖွင့်လှစ်ရန် ကြိုးစား ခဲ့သော်လည်း ရောဂါအခြေအနေဆိုးရွားလာသဖြင့် စာသင်ကျောင်းများကို တစ်နှစ် ရပ်နားထားခဲ့ရသည်။

ယခု ပညာသင်နှစ်တွင် မြန်မာနိုင်ငံအဝှမ်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု၊ နိုင်ငံရေး မတည်ငြိမ်မှုတို့ ရှိနေသော်လည်း ကျောင်းများကို ဖွင့်လှစ်သင်ကြားနေသည်။