မြိတ်ဒေသထွက် ရှပ် ရှားပါးသဖြင့် ဈေးတက်

0
364

မြိတ်ဒေသ ရေထွက်စားသောက်ကုန်တစ်ခုဖြစ်သည့် ရှပ် (ဂုံးချော) များ ရှားပါးလာပြီး သယ်ယူစရိတ်လည်း ကြီးမြင့်လာခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

ရှပ်များကို ယခင်က မြိတ်အနီးအနား တောနောက်လယ်ရွာ၊ သရင်ကမ်းနှင့် ယောကြီးဝ မြစ်တို့ရှိ သဘာဝ ရှပ်သောင်တွင် လှေငယ်များဖြင့်သွားရောက်ကာ ရေငုပ်ပြီး ကောက်ယူလေ့ရှိကြသည်။

ယခုအခါ အဆိုပါရှပ်သောင်တွင် ရှပ်များရှားပါးလာပြီး သွားရောက် ငုပ်ယူသူလည်း နည်းပါးလာကြောင်း ၎င်းတို့ထံမှ သိရသည်။

“မြိတ်ဘက်မှာ ရှပ်သိပ်မထွက်တော့ ပုလောဘက်ကပဲ ဝယ်ရောင်းနေရတယ်” ဟု မြိတ်မြို့တပ်ပြင်ဈေးတွင် ရှပ်ဝယ်ယူရောင်းချသည့် မခင်မိုးက ပြောသည်။

ရှပ်ရှားပါးလာသည့်အတွက် ပြီးခဲ့သည့်နှစ်က ဆယ်ပြည်ဝင် ရှပ်တစ်ခြင်း (အလုံးကြီး) ကျပ်တစ်သောင်း လေးထောင်ခန့်ရှိရာမှ ယခုအခါ ကျပ်နှစ်သောင်းနီးပါးအထိ ဈေးတက်သွားကြောင်း ရှပ်ရောင်းဝယ်ကြသူ များက ပြောပြသည်။

အလားတူ ပြီးခဲ့သည့်နှစ်က တစ်ခြင်းလျှင် ခြောက်ထောင်ခန့်သာရှိသည့် ရှပ်အလုံးငယ်များသည်လည်း ယခုအခါ တစ်သောင်းနှစ်ထောင်ဝန်းကျင်အထိ ဈေးတက်လာကြောင်း မခင်မိုး ကဆိုသည်။

“ရှားပါးလာတာရော သယ်ယူစရိတ်တွေကြောင့်ရော ဈေးတက်လာတာပေါ့” ဟု မြို့သစ်ရပ်တွင် နေထိုင်သည့် ရှပ်ဝယ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

သဘာဝရှပ်သောင်များသည် ကောက်ယူမှုဆက်တိုက်ပြုလုပ်လျှင် ရှားပါးလာတတ်ပြီး ကောက်ယူမှု ၂နှစ်ခန့် ရပ်ဆိုင်းလိုက်လျှင် ပြန်လည်ပေါများလာကြောင်း ရှပ်ငုပ်သူများထံမှ သိရသည်။

“မြိတ်ဘက် ရေတိမ်မှာတော့ သိပ်မရှိတော့ဘူး။ ရေနက်မှာတော့ရှိတယ် ငုပ်မနိုင်ကြဘူး” ဟု ၎င်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ရှပ်ငုပ်ရာတွင် အနည်းဆုံးရေအောက် လက်လံ ငါးလံမှ အလံ ၂၀ နီးပါးအထိ ငုပ်ကြရသည်။

ယခင်က လေအိုး (အောက်စီဂျင်) ဖြင့်ငုတ်ယူကြပြီး ယခုအခါ လေအိုးဖြင့် ငုတ်ယူခြင်းကို ငါးလုပ်ငန်း ဦးစီးဌာနက တားမြစ်ထားကြောင်း ၎င်းတို့ထံမှ သိရသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က လက်ရှိနှစ်သောင်းနီးပါး ဈေးပေါက်နေသည့် ရှပ်တစ်ခြင်းလျှင် ကျပ်နှစ်ထောင့် ငါးရာဝန်းကျင်သာ ရှိသည်ဟု ရှပ်ရောင်းဝယ်သူက ပြောပြသည်။

ရှပ်များကို ဒေသခံတို့က ဟင်းလျာအဖြစ် ချက်ပြုတ် ကြော်လှော်ကာ စားသောက်လေ့ရှိကြသည်။