ကျပ်သိန်း ၅ဝအထိ ငွေချေးနိုင်မည်ဆိုသည့် မူမမှန်သူများ ထားဝယ်ကို ပစ်မှတ်ထားလာ

0
1061

အပေါင်ပစ္စည်းမလိုဘဲ ငွေကျပ်သိန်းငါးဆယ်အထိ ငွေချေးနိုင်မည်ဟုဆိုကာ မူမမှန်သည့် ငွေချေးသူများ Facebook မှတစ်ဆင့် ထားဝယ်ဒေသနေ ပြည်သူများကို ပစ်မှတ်ထားလာသည်။

ဒေသတွင်းနေသူများ ရင်ဖွင့်ပြောဆိုနိုင်စေရန် တည်ထောင်ထားသည့် Facebook Group များတွင် ငွေချေးမည်ဆိုသူများက ချေးငွေ အလွယ်တကူ လျှောက်ထားနိုင်ကြောင်း စည်းရုံးသည့်အကြောင်းအရာ post များကို ယခုရက်ပိုင်းအတွင်း တင်နေသည်ကို တွေ့ရသည်။

‘ဆရာ ခန့်’ အမည်ဖြင့် Facebook အကောင့်ဖွင့်ထားသူက လိုက်လံစည်းရုံးနေခြင်းဖြစ်သည်။

ချေးငွေလျှောက်လိုလျှင် အိမ်ထောင်စုမူရင်း၊ မှတ်ပုံတင်မူရင်း၊ ချေးမည့်သူ၏ ဓာတ်ပုံနှစ်ပုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ ဖြည့်ပေးရုံဖြင့် ချေးငွေရရှိမည့်အကြောင်း စည်းရုံးနေသည်။

Dawei Watch ၏ စုံစမ်းချက်အရ ချေးငွေလျှောက်ရန်အတွက် ဖောင်တင်ကြေး (လျှောက်လွှာကြေး) တစ်သောင်းနှစ်ထောင်ကျပ်ကို အရင်လွှဲပေးရမည်ဟု ချေးငွေပေးမည်ဆိုသူက ပြောဆိုခဲ့သည်။

အဆိုပါလျှောက်လွှာကြေးအား ဘဏ် သို့မဟုတ် Wave Money ၊ K pay စသည့် ငွေလွှဲလမ်းကြောင်းများမှ လွှဲပေးနိုင်ကြောင်း ပြောဆိုခဲ့သည်။

၎င်းသည် ရွှေမြန်မာချေးငွေလုပ်ငန်းတွင် လုပ်ကိုင်နေပြီး အဆိုပါလုပ်ငန်းကလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် တရားဝင်ကုမ္ပဏီမှတ်ပုံတင်ထားကြောင်း ပြောဆိုခဲ့သည်။

သို့ရာတွင် DICA ၏ တရားဝင် ဝက်ဘ်ဆိုက်တွင်မူ အဆိုပါကုမ္ပဏီကို မတွေ့ခဲ့ရပေ။ ယင်းအချက်မှာ သံသယ ဖြစ်ဖွယ်ရာ အခြေအနေဖြစ်သည်။

“ဖောင်တင်ပြီး နာရီဝက်အတွင်း ချေးငွေက ထုတ်လို့ရပါပြီ” ဟု ငွေချေးမည်ဆိုသူက ပြောဆိုစည်းရုံးနေသည်။

‌ချေးငွေအား ကျပ်သိန်း ၅၀ အထိ ချေးနိုင်ပြီး အတိုးနှုန်းကို ၂ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ချေးငွေ သက်တမ်းကို ၂ နှစ် သတ်မှတ်ထားကြောင်းလည်း ၎င်းတို့က ပြောဆိုစည်းရုံးခဲ့သည်။

ထားဝယ်ဒေသရှိ တရားဝင် အသေးစားချေးငွေကုမ္ပဏီများ ငွေထုတ်ချေးရာတွင် အလုပ်အကိုင်၊ ပိုင်ဆိုင်မှု အစရှိသည့် အချက်အလက်များအား သေချာစိစစ်ပြီးမှသာ ငွေထုတ်ချေးလေ့ရှိသည်။

ယင်းသို့ အခြေအနေတွင် Facebook မှတစ်ဆင့် ပြောဆိုစည်းရုံးသူများမှာ မှတ်ပုံတင်၊ လိပ်စာပေးရုံဖြင့် ငွေကျပ် သိန်း ၅၀ ပမာဏကို အလွယ်တကူ ထုတ်ချေးမည်ဆိုခြင်းမှာ မူမမှန်သည့် အခြေအနေ ဖြစ်နေသည်။

ထို့အပြင် ထားဝယ်ဒေသတွင် ဝိုင်းကြီးချုပ်စနစ်ဖြင့်သာ ချေးလေ့ရှိကြောင်း ထားဝယ်မြို့အခြေစိုက်တရားဝင် အသေးစားချေးငွေ ကုမ္ပဏီ လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ဆိုသည်။

“အဓိကကတော့ ဝိုင်းကြီးချုပ်ပဲ။ ချေးငွေလုပ်ငန်းအားလုံးမှာက ဝိုင်းကြီးချုပ် မဖြစ်မနေလုပ်ရတယ်။ စုဆောင်းငွေ ထားပေးရတယ်” ဟု ၎င်းက ပြောသည်။

ဝိုင်းကြီးချုပ်စနစ်ဆိုသည်မှာ ငါးဦး သို့မဟုတ် သုံးဦးတစ်ဖွဲ့ ဖွဲ့ကာ အချင်းချင်း အပြန်အလှန် အာမခံသည့် ပုံစံဖြစ်သည်။

လက်ရှိ Facebook ပေါ်မှတစ်ဆင့် ငွေချေးမည့်ဆိုသည့် အခင်းအကျင်းကို လုံးဝ မယုံကြည်သင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

လွယ်လွယ်ကူကူ ယုံကြည်ကာ ချေးငွေ ရလိုသဖြင့် လျှောက်လိုက်ပါက ချေးငွေမရဘဲ လျှောက်လွှာကြေး ဆုံးသွားနိုင်ကြောင်း ထောက်ပြမှုများလည်းရှိသည်။

‘ဆရာ ခန့်’ အမည်ဖြင့် Facebook အကောင့်ဖွင့်ထားသည့် ချေးငွေပေးမည်ဆိုသူကို ငွေချေးသည့် ကုမ္ပဏီ၏ တရားဝင် Facebook စာမျက်နှာ သို့မဟုတ် ဝက်ဘ်ဆိုက်ဟု လိပ်စာရှိသလောဟု မေးမြန်း စုံစမ်းကြည့်ရာ “အာမချောင်နဲ့။ အလုပ်ရှုပ်နေတယ် နားလည်” ဟုသာ ပြန်လည်တုံ့ပြန်ခဲ့သည်။

ထို့အပြင် အသေးစားချေးငွေလုပ်ငန်းလုပ်ကိုင်မည်ဆိုပါက တိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရသည်။

အထက်ပါ ချေးငွေထုတ်ချေးမည်ဆိုသူ၏ ပြောဆိုချက်အရ ၎င်းတို့ရုံးက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ၊ ၂ လမ်းအနီးတွင် ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းအချက်မှာလည်း မူမမှန်သည့် သံသယဖြစ်ဖွယ်ရာ အခြေအနေဖြစ်သည်။