တနင်္သာရီတိုင်းတွင် အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ရဲဗလတံဆိပ်ပေး

0
1709

တနင်္သာရီတိုင်းအတွင်း အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ဥက္ကဋ္ဌက ရဲဗလတံဆိပ်ချီးမြှင့်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် မြို့နယ်ထွေအုပ်စာရေး ၁၂ ဦးတို့ကို လွတ်လပ်ရေးနေ့တွင် ဆုပေးခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ကိုးဦးနှင့် မြို့နယ်ထွေအုပ်စာရေး တစ်ဦးတို့မှာ အသတ်ခံခဲ့ရပြီး ကျန်သည့် အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ အသတ်ခံရခြင်း ရှိမရှိကိုမူ Dawei Watch က အတည်မပြုနိုင်သေးပေ။

အဆိုပါ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှာ ဒလန်ဟု သတ်မှတ်ခံရသူ အများစုဖြစ်သည်။

ရဲဗလတံဆိပ်ပေးရာတွင် ပါဝင်သည့် ဒေါ်စန်းစန်းဝေမှာ ဘုမ္မော်ရပ်ကွက် စာရေး (ထားဝယ်မြို့နယ်ထွေအုပ် ဝန်ထမ်း) ဖြစ်ပြီး ထားဝယ်မြို့ ရွှေတောင်စားလမ်းတွင် ဆိုင်ကယ်စီးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးခဲ့သည်။

ရဲဗလတံဆိပ်ရသူများပါဝင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြစ်သည့် ကော့သောင်းမြို့နယ် ဆယ်မိုင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ လောင်းလုံးမြို့နယ်က ကျောက်ဆင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး၊ မင်းရပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းယုသဏ်းတို့မှာ အသတ်ခံခဲ့ရသည်။

ယင်းအပြင် သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်စိုး၊ တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး၊ မောတောင်မြို့ အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးမင်းကို၊ ရေဖြူမြို့ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်တို့မှာလည်း အသတ်ခံခဲ့ရသည်။

ရဲဗလတံဆိပ်ရသူများပါဝင်သည့် ရာအိမ်မှူးများဖြစ်သည့် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာ အုပ်စုက ဦးရီဦး၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာက ရာအိမ်မှူး ဦးဌေးအောင်တို့မှာလည်း အသတ်ခံခဲ့ရသည်။

ထားဝယ်မြို့နယ် ဟာမြင်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ကျွန်းစုမြို့နယ် တာပိုင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်တို့နှင့်ပတ်သက်၍မူ အတည်မပြုနိုင်သေးပေ။

အထက်ပါအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများအပြင် ထားဝယ်မြို့အတွင်း သေနတ်ပစ်ခံရပြီး ဒဏ်ရာရခဲ့သည့် ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ကြပ် အောင်ဇင်ဌေး အပါအဝင် တိုင်းအတွင်းရှိ ရဲအရာရှိ ခုနစ်ဦးကိုလည်း ရဲဗလတံဆိပ်ချီးမြှင့်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ဒုတိယရဲမှူး သက်ဇော်ထွန်း၊ ဒုရဲအုပ်နိုင်မျိုးအောင်၊ ဒုရဲအုပ်အောင်စိုးနိုင်၊ ဒုရဲအုပ်နေမျိုးအောင်၊ ရဲတပ်ကြပ်မင်းမင်းဦး၊ ရဲတပ်ကြပ် အောင်ဇင်ဌေး၊ ရဲတပ်ကြပ်နေမျိုးအောင် တို့ဖြစ်သည်။