မြိတ်တွင် စစ်ကောင်စီတပ်သားကို ခဲဖြင့်ပစ်သည့် စိတ်ဝေဒနာရှင် သေနတ်ဖြင့် ပစ်ခတ်ခံရ

0
173

မြိတ်မြို့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားကို ခဲဖြင့်ပစ်သည့် စိတ်ဝေဒနာရှင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (ဇန်နဝါရီ ၅) မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်သားတစ်ဦး လေယာဉ်ကွင်းအနီး လေ တပ်ရှေ့ကင်းပုန်းတွင် ကင်းစောင့်နေစဉ် အမျိုးသားတစ်ဦးက ခဲဖြင့်ပစ်ကာ ထွက်ပြေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ခဲဖြင့်ပစ်ခံရသဖြင့် အဆိုပါတပ်သား ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၎င်းအား သေနတ်နှစ်ချက် ပစ်ကာ ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာ အနီးဝန်းကျင်က ဒေသခံတို့ထံမှ သိရသည်။

“ခြေသလုံးနဲ့ လက်ဖျံကို အပစ်ခံရပြီး စစ်ဆေးရုံမှာ ကုသနေပါတယ်။ မစိုးရိမ်ရပါဘူး” ဟု အပစ်ခံရသည့် အမျိုးသား၏မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

ခဲဖြင့်ပစ်သူသည် အတွင်းရေပုန်းရပ်နေ အသက် ၃၀ ကျော်အရွယ် နေလင်းအောင် ဆိုသူဖြစ်ပြီး ၎င်းမှာ စိတ်ဝေဒနာခံစားနေရသဖြင့် တစ်နေကုန် ခြေလျင်လျှောက်သွားနေတတ်သူဖြစ်ကြောင်း ရပ်ကွက်သားများ က ပြောသည်။

၎င်းအား ပစ်ခတ်ဖမ်းဆီးစဉ် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသည့် ပြည်သူတစ်ဦး၏ ခြေသလုံးတွင်လည်း သေနတ်ကျဉ် ရှပ်ထိသွားသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

သို့သော် ၎င်းမှာ မည်သူမည်ဝါ ဖြစ်သူ မသိရသေးပေ။