ရွှေတစ်ကျပ်သား ၁၈ သိန်းကျော် ပြန်တက်၊ မွန်တွင် အရောင်းအဝယ်ပါး

0
201

မွန်ဈေးကွက်တွင် မီးလင်းအခေါက် ရွှေဈေး တစ်ကျပ်သား တစ်ဆယ့်ရှစ်သိန်း နှစ်သောင်းဝန်းကျင် ပြန်လည် မြင့်တက်လာပြီး လက်ရှိတွင် ရွှေအရောင်းအဝယ် နည်းပါးနေကြောင်း ပြည်နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်တို့ထံမှ သိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းခန့်က မီးလင်းအခေါက်ရွှေဈေး တစ်ကျပ်သား ၂၂ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ကျပ်သား ၁၇ သိန်းခွဲဝန်းကျင်အထိ ဈေးပြန်ကျသွားခဲ့သည်။

ထို့နောက် ဒီဇင်ဘာလလယ်ပိုင်းကစပြီး ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအရောက်တွင် မီးလင်းအခေါက်ရွှေ တစ်ကျပ်သား တစ်ဆယ့်ရှစ်သိန်း နှစ်သောင်းဝန်းကျင် ပေါက်ဈေး ရှိနေကြောင်း ရွှေလုပ်ငန်းရှင်တို့ထံမှ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ် ရွှေးဈေးကွက်အတွင်း ရွှေအရောင်းအဝယ် နည်းပါးနေကြောင်းလည်း ၎င်းတို့က ပြောသည်။

“အရောင်းအဝယ်က အရင်လို မဟုတ်တော့ဘူး။ အရောင်းအဝယ် နည်းပါးသွားတယ်။ (၂၂ သိန်းကနေ) ဈေးကျလည်း အရောင်းအဝယ် သိပ်မရှိဘူး” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကမ္ဘာ့ရွှေဈေး အပြောင်းအလဲနှင့် ဒေါ်လာဈေးမြင့်တက်နေမှုကြောင့် ရွှေဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်တို့က ပြောဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ် ရွှေဈေးကွက်အတွင်း ၁၅ ပဲရည် ရွှေတစ်ကျပ်သား တစ်ဆယ့်ခုနစ်သိန်း တစ်သောင်းကျော် ပေါက်ဈေး ရှိနေပြီး ဘတ်ရွှေ တစ်ကျပ်သား ၁၆ သိန်းခန့် ပေါက်ဈေးရှိနေကြောင်း ပြည်နယ် ရွှေဈေးကွက်ထံမှ သိရသည်။