သရက်ချောင်းတွင် စစ်ကား လေးစီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေအိမ်တစ်လုံး မီးရှို့ခံရ

0
581
ဓာတ်ပုံ- သရက်နှစ်ခွနှင့်သင်းကျွန်းရွာကြား မိုးဆွဲခံရသည့် နေရာ ကိုတွေ့ရစဉ်

သရက်ချောင်းမြို့နယ်ဘက်မှ မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကား လေးစီးသည် သရက်နှစ်ခွ ကျေးရွာနှင့် သင်းကျွန်းရွာကြားတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် သင်းကျွန်းရွာက ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ကြောင်း ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၂၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က သရက်နှစ်ခွရွာအထွက်နှင့် သင်းကျွန်းရွာကြားတွင် ပေါက်ကွဲသံကြားပြီး မိနစ်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က လမ်းတစ်လျှောက် သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သရက်နှစ်ခွရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“(မိုင်းကွဲလို့) တွင်းနှစ်တွင်း ပေါ်နေတယ်။ ပထမတစ်လုံး ပေါက်ကွဲသံ ကြားပြီးမှာပဲ သေနတ်တွေ ဆက်တိုက်ပစ်တာ” ဟု ၎င်းက ဆိုသည်။

မိုင်းဖောက်ခွဲခံရသည့်နေရာအနီး သရက်နှစ်ခွရွာတွင် နေသည့် ဦးဌေးဝင်းကို ခေါ်ယူစစ်ဆေးခဲ့ပြီး ယင်းအိမ်မှ ဆွံ့အ၊ နားမကြားသည့် မသန်စွမ်းအမျိုးသားတစ်ဦးကိုလည်း စစ်ဆေးမေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိသဖြင့် ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

မိုင်းဖောက်ခွဲခံရသည့် နေရာအနီး သင်းကျွန်းရွာထိပ်က လက်ရှိတွင် လူနေထိုင်းခြင်းမရှိ‌ ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားမျာက မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၄၅ မိနစ်မှ ၁၁ နာရီခွဲအထိ သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာ လမ်းတစ်လျှောက် သေနတ်ဆက်တိုက်ပစ်ခတ်ခဲ့ပြီး သရက်ချောင်းဘက်ကိုလည်း ပြန်သွားကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်ကလည်း သရက်ချောင်းမြို့ဘက်မှ ထားဝယ်သို့ မောင်းနှင်လာသည့် စစ်ကောင်စီ ကားနှစ်စီး ပိန်းတောရွာ မှန်ကျောင်း (ဘုန်းကြီးကျောင်း) အနီးသို့ အရောက်တွင် မိုင်းဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရပြီး မိနစ်သုံးဆယ်ခန့်ကြာ သေနတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုကြောင့် သရက်ချောင်း-ထားဝယ်သွားသည့် ကားလမ်း ပိတ်ဆို့ထားပြီး ညနေ ၅ နာရီခန့်မှ ပုံမှန်တိုင်း သွားခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ပါ ဖြစ်စဉ်နှစ်ခုလုံးတွင် ထိခိုက်သေဆုံးမှု ရှိမရှိ အခြေအနေကို မသိရသေးပေ။