မြိတ် လျှပ်စစ်မီတာခ လတိုင်းနီးပါး ဈေးတက်၊ ၁၁လအတွင်း ဈေးတစ်ဆကျော်ခုန်တက်

0
196

ယခုနှစ်အစက စပြီး မြိတ်မြို့ရှိ လျှပ်စစ်မီတာခဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ လတိုင်းနီးပါး တက်မြဲအတိုင်း တက်နေကြောင်း လျှပ်စစ်မီတာသုံးစွဲသူတို့ထံမှ သိရသည်။

မီတာခဈေးနှုန်းများမှာ ယခုနှစ်အစ ဇန်နဝါရီလတွင် တစ်ယူနစ်လျှင် ၂၃၅ ကျပ်မှ ဖေဖော်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်၊ ဧပြီလ ၂၉၅ ကျပ်၊ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်လတွင် ၃၉၈ ကျပ်၊ စက်တင်ဘာလတွင် ၄၂၀ ကျပ်၊ အောက်တိုဘာလတွင် ၄၇၀ ကျပ်အထိ ပေးဆောင်ခဲ့ ရကြောင်း ၎င်းတို့ထံမှ သိရသည်။

လျှပ်စစ်မီတာခ ဈေးမကျသည့်အပြင် နိုဝင်ဘာလအတွက် တစ်ယူနစ်လျှင် ‌၄၇၈ ကျပ်အထိ တိုးမြှင့်ကောက်ခံနေကြောင်း မီးသုံးစွဲသူတို့မှ သိရသည်။

နိုဝင်ဘာလ ဈေးနှုန်းသည် နှစ်အစ ဈေးနှုန်းထက် ၂၄၃ ကျပ် ပိုမိုတက်သွားသဖြင့် ၁၁လအတွင်း ဈေးတစ်ဆကျော် ပိုတက်သွားသည်။

မြိတ်တွင် Petro & Trans ကုမ္ပဏီက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့်ရထားပြီး တင်ဒါအောင်မြင်စဉ် တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် တင်ဒါအောင်မြင်သည့် ဈေးနှုန်းထက် ၁၈၆ ကျပ် ပိုမိုကောက်ခံနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ မီတာခနှုန်းထားများ တိုးမြှင့်လာနေသဖြင့် တစ်လလျှင် ငွေငါးထောင်ကျော်ခန့် ပိုကုန်နေရကြောင်း မြိတ်တောင်နယ်မြေနေ အသက် ၅၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။

“ဒါတောင် မီးသုံးတာတွေ လျှော့ချထားတာ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ထို့အပြင် လျှပ်စစ်မီးအသုံးများသည့် တွင်ခုံ၊ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်း စသဖြင့် တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းတို့မှာ မီတာခကုန်ကျမှု ပိုများနေကြောင်း ရှမ်းချောင်းရပ်ရှိ မော်တော်ယာဉ်ပြုပြင်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။

မီတာခဈေးတက်ရခြင်းမှာ ဒီဇယ်လောင်စာဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ၏ တာဝန်ရှိသူတို့က ပြောဆိုထားသည်။

သို့သော် မြိတ်မြို့နယ်အတွက် တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans ကုမ္ပဏီက ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားသည်။

ယင်းကုမ္ပဏီသည် ထားဝယ်ခရိုင်တွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့်ရထားသည်။ ထားဝယ်ခရိုင်တွင်လည်း မီတာခ လစဉ် ဈေးတက်နေပြီး တင်ဒါအောင်ဈေးထက် ၄၅ ကျပ် ပိုပေးနေရကြောင်း လျှပ်စစ်သုံးစွဲသည့် ပြည်သူများက ပြောဆိုထားသည်။