ပဝတ်ကုန်းရွာသား လေးဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး

0
168

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာ ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး ဒေသခံ လေးဦးကိုမူ နှစ်ပတ်ကျော်ကြာသည်အထိ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပဝတ်ကုန်းကျေးရွာတွင် ဒီဇင်ဘာလ ၃ ရက်ညက ရွာသား ၂၇ ဦးကို စစ်တပ်နှင့် ရဲများက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရှစ်ဦးနှင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း နောက်ထပ် ၁၅ ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ပဝတ်ကုန်းကျေးရွာဒေသခံများက ပြောသည်။

“တစ်ပတ်နီးပါးလောက်တော့ ရှိပြီပေါ့။ (၁၅ဦး) ပြန်လွတ်လာတာ” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ဆိုသည်။

သို့သော် အသက်သုံးဆယ်ကျော်ဝန်းကျင်ရှိကြသည့် ကိုငြိမ်းချမ်း၊ ကိုဇော်ထိုက်၊ မဇင်သီမာနှင့် နောက်ထပ် အမျိုးသားတစ်ဦးတို့မှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း အဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက ပြောသည်။

“ရဲစခန်းမှာ စစ်ဆေးနေတုန်းပဲလို့ ကျွန်တော်တို့သိရတယ်” ဟု ၎င်းက ဆိုသည်။

ပြန်လွတ်လာသူများသည် ခံဝန်ချက် လက်မှတ်ထိုးပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရပြီး အသေးစိတ်ကိုမူ မသိရဟု ဒေသခံများက ဆိုသည်။

ပဝတ်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၈ ရက်ညက ပျူစောထီးဆိုသူနေအိမ်ကို ပုလော PDF များက လာရောက်ပစ်ခတ်ခဲ့သည်။

ယင်းနောက် အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း တစ်ပတ်အကြာတွင် စစ်ဆေးရန်ဟုဆိုကာ ရွာသားများကို စစ်ကောင်စီတပ်က လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ပဝတ်ကုန်းရွာသည် မြိတ်-ထာဝယ် ပြည်ထောင်စုကားလမ်းနံဘေးတွင်တည်ရှိပြီး အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ရွာတစ်ရွာဖြစ်ကာ အများစုမှာ ရော်ဘာစိုက်ပျိုးလုပ်ကိုင်ကြသူများဖြစ်သည်။