ထားဝယ် ခေါင်တိုင်ပြင်ရွာတွင် တိုက်ပွဲဖြစ်၊ ရွာလုံးကျွတ်ထွက်ပြေးရ

0
552

ထားဝယ်မြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ခေါင်တိုင်ပြင်ကျေးရွာကို ယနေ့နံနက်က စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း အဆိုပါ ကျေးရွာဒေသခံများထံမှ သိရသည်။

မောင်မယ်ရှောင်ကျေးရွာအုပ်စုတွင်ရှိသည့် ခေါင်တိုင်ပြင်ရွာဘက်ကို ယနေ့နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး နံနက် ၁၁ နာရီ ဝန်းကျင်အထိ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်ရော်ဘာခြစ်ရာက ပြန်လာချင်းပဲ လက်နက်ကြီးသံကြားလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတယ်။ စစ်တပ်က အနောက်တောင်တန်းက ဖြတ်ဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ချလာတာ” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် ဒေသခံများ ရွာလုံးကျွတ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နှစ်ဘက် ထိခိုက်ကျဆုံး ဒဏ်ရာရသူ ရှိမရှိကိုမူ ကြားသိရခြင်းမရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။