သထုံ နေရာခြောက်ခုတွင် ဗုံးဆက်တိုက်ပေါက်ကွဲ၊ လူတစ်ဦး ဒဏ်ရာရ

0
199

မွန်ပြည်နယ် သထုံမြို့ပေါ် နေရာခြောက်ခု၌ ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်အစောပိုင်းတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီးတွင် သထုံမြို့ပေါ်ရှိ စိုးမိုး Mobile ဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အဖျော် ယမကာ အရောင်းဆိုင်နှင့် ပြည်တော်သာ အဖျော်ယမကာအရောင်းဆိုင်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းအပြင် သထုံမြို့ပေါ်ရှိ လဝကရုံးနှင့် ကညနရုံးနေရာတို့တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသည့်အပြင် သွားလာနေသည့် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။

“ဒီမနက် ပေါက်ကွဲမှုဖြစ်တာက အဓိက ဆိုင်တွေမှာ ဖြစ်တယ်။ ဆိုင်တချို့ ပျက်စီးသွားတာရှိတယ်။ လူတစ်ဦးလည်း နည်းနည်းထိသွားတာရှိတယ်” ဟု ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

ယနေ့ ပေါက်ကွဲသည်ဖြစ်စဉ်များကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက လုပ်သည်ကို မသိရသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြီးခဲ့သည့်လကလည်း သထုံမြို့ပေါ်ရှိ လဝကရုံး၊ ကညနရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုများကိုမူ မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြည်သူလူထုအနေနှင့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြည်းပေးကြရန်၊ စစ်တပ်ထုတ်ကုန်များ ရောင်းသည့်ဆိုင်အနားသို့လည်း မသွားကြရန် ယင်းတပ်ဖွဲ့က သတိပေးထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရသည့် ဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပစ်သတ်ခံရမှုများ ဆက်တိုက်ဖြစ်ပွားလာသည့် နောက်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည့်အပြင် ဖမ်းဆီးမှုများလည်း ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။