မြိတ်တွင် အိမ်စီးကား နေအိမ်ကို ဝင်တိုက်၊ လူ ၁၀ ဦးဒဏ်ရာရ

0
180

မြိတ်မြို့နယ် ကန်သာယာကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၇) အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်တစ်အိမ်အတွင်း ဝင်တိုက်သဖြင့် ကားပေါ်လိုက်ပါလာသူ ၁၀ ဦး ဒဏ်ရာရကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသည့် VIGO အမျိုးအစား အဖြူရောင်ကားသည် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ကားတိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီးခုနှစ်ဦးတို့ ဒဏ်ရာ ရရှိသဖြင့် မြိတ်မြို့ရှိ အမှတ် (၅) ခုတင် ၁၀၀ ဆံ့ စစ်ဆေးရုံသို့ တင်ပို့ထားပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ကန်သာယာကျေးရွာသည် အင်္ဂမော်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး မြိတ်-တနင်္သာရီ ကားလမ်းမဘေးတွင် တည်ရှိသည်။

ယင်း ယာဉ်တိုက်မှုတွင် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။