မြိတ်တွင် မြကန်သာရွာက ပြောင်းရွှေ့ခံရသည့် လူရှစ်ရာကျော် အကူအညီလို

0
219

မြိတ်မြို့တွင် မြကန်သာကျေးရွာဟု ခေါ်ဝေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံရသည့် အိမ်ထောင်စု ၁၆၀ နီးပါး လူဦးရေအားဖြင့် ရှစ်ရာကျော်အတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကန်သာကျေးရွာဟု အမည်တပ်ထားသည့် မြေပေါ်တွင် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၁၅၂ ဆောင် အိမ်ထောင်စုအားဖြင့် ၁၆၀ နီးပါးကို မြိတ်အနာဂတ်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MDF) က ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။

ယင်းနေရာတွင် ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့သည့် အဆိုပါ လူရှစ်ရာကျော်သည် ကုမ္ပဏီက အစားထိုး နေရာချပေးသည့် မြကန်သာရွာနှင့် မိုင်ဝက်ခန့် ဝေးကွာသည့် တောင်ခြေရင်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ တွင် စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့အတွက် လတ်တလောတွင် စားသောက်ရန် အခြေခံစားသောက်ကုန်များ လိုအပ်နေကြောင်း ၎င်းတို့အရေး ဆောင်ရွက်ပေးနေသည့် ကိုအောင်သော်စံက ပြောသည်။

“လက်ရှိအချိန် ပြောင်းရွှေ့နေရတော့ သူတို့မှာ အလုပ်မရှိကြဘူး။ စားရေးသောက်ရေး အခက်အခဲ အများကြီး ဖြစ်နေတာပေါ့။ အကူအညီတွေ လိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က MFD အများနှင့် သက်ဆိုင်သောကုမ္ပဏီက အိမ်ယာစီမံကိန်း စတင်ဆောက် လုပ်ရန် တာစူလာသည့် အချိန်က စတင်ခဲ့သည့် ကိစ္စဖြစ်သည်။

ယင်သို့ တာစူလာချိန်တွင် MFD ကုမ္ပဏီမြေနှင့် တစ်ဆက်စပ်တည်းရှိသောမြေကို ဒေါ်အေးမူဆိုသူ မိဘဘိုးဘွားပိုင်မြေဟုဆိုကာ အိမ်ယာမဲ့ အခြေခံလူတန်းစားများအား အခမဲ့ နေထိုင်စေသည်။

ယင်းနောက် အဆိုပါကုမ္ပဏီနှင့် ဒေါ်အေးမူတို့အကြား မြေယာအငြင်းပွါးကာ နှစ်ရှည်ကြာ တရားရင်ဆိုင်ခဲ့ ရသည်။

ယခုအခါ ဒေါ်အေးမူမှာ အမှုရှုံးခဲ့သဖြင့် MFD ကုမ္ပဏီက ဒီဇင်ဘာလ ၂၃ ရက်နေ့ မတိုင်မီ အပြီးပြောင်းရွှေ့ရန် အကြောင်းကြားလာသဖြင့် အဆိုပါအိမ်ထောင်စု ၁၆၀ နီးပါး ပြောင်းရွှေ့ပေးရခြင်းဖြစ်ကြောင်း ပြောင်းရွှေ့လာသူများထံမှ သိရသည်။

“တရားရုံးက အမိန့်ချပြီး ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ကို ပြောင်းရွှေ့ဖို့ အမိန့်စာလာပေးတာ” ဟု ပြောင်းရွှေ့ခံရသူတစ်ဦးက ပြောသည်။

ပြောင်းရွှေ့လာကြသည့် သူများသည် လက်လုပ်လက်စားများဖြစ်ကြပြီး မြကန်သာဟုခေါ်သည့် မြေပေါ်တွင် နေထိုင်နေကြသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိနေပြီဖြစ်ကြောင်း ရွာသားများထံမှသိရသည်။

လက်ရှိအချိန်တွင် MFD ကုမ္ပဏီက နစ်နာသူ အိမ်ထောင်စု ၁၆၀ နီးပါးအတွက် ဗလပ်စုံဘုန်းကြီးကျောင်း တောင်ခြေရင်းရှိ ၎င်းပိုင်မြေပေါ်တွင် နေရာပြန်လည် အစားထိုးပေးကြောင်း ပြောင်းရွှေ့ခံရသူများက ပြောပြသည်။

အိမ်ထောင်စုတစ်စုလျှင် အလျား ၅၀ ပေ၊ အနံ ၂၅ ပေ အား ကုမ္ပဏီက ပေးအပ်ခဲ့ပြီး လက်ရှိ အချိန်တွင်မူ တိုင်းတာသတ်မှတ်ခြင်း မရှိသေးကြောင်း ၎င်းတို့က ပြောသည်။

“ဒီအတိုင်းပဲ တဲလေးထိုးပြီး နေနေရတာပေါ့။ လောလောဆယ်တော့ စားရေးသောက်ရေး ခက်ခဲနေတယ်” ဟု အကူအညီပေးနေသူက ပြောသည်။

အကူအညီပေးမည့်သူများအနေဖြင့် အဆိုပါနေရာသို့ လူကိုယ်တိုင်သော်လည်းကောင်း ဖုန်းနံပါတ် 09775609499 သို့ ဆက်သွယ် ၍သော်လည်းကောင်း ကူညီနိုင်ကြောင်း ကိုအောင်သော်စံက ပြောသည်။

MFD တွင် မြေအငြင်းပွားမှုအချို့လည်း ရှိနေသေးသည်။ MFD က တိုင်းအစိုးရက တင်ပြထားသည့် ကုမ္ပဏီ မြေဧရိယာတွင် ၎င်းပိုင်မြေများပါဝင်သွားသည်ဟုဆိုကာ ယခင်အုတ်ဖိုပိုင်ရှင် တစ်ဦးက တရားစွဲဆို ထားသည်။ ရှမ်းချောင်းကြီးရွာသားအချို့ကလည်း ၎င်းတို့ပိုင် ဓနိတောမြေများ ပါဝင်သွားသည် ဟုဆိုကာ အမှုရင်ဆိုင်နေကြသည်။

MFD သည် ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာနှင့် ရှမ်းချောင်းကြီးရွာတွင် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်နေသည့် ကုမ္ပဏီဖြစ်သည်။