သရက်ချောင်း သဲချောင်းကြီးရွာက NLD အမာခံ၏ နေအိမ် ချိတ်ပိတ်ခံရ

0
266

သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာက NLD ပါတီအမာခံ ဦးဆန်းထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချိတ်ပိတ်လိုက်ကြောင်း အိမ်ပိုင်ရှင်နှင့် ဒေသခံရွာသားအချို့က ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဦးဆန်းထွန်း (ခေါ်) ကိုရန်ကုန် ၏ နေအိမ်မှာ ယခင်က NLD ပါတီဆိုင်းဘုတ် တင်ထားသည့် နေအိမ်ဖြစ်ပြီး ၎င်းတို့မိသားစုမှာလည်း NLD ပါတီထောက်ခံသူများဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းသည် PDF အဖွဲ့နှင့်ဆက်နွယ်သည်၊ ထောက်ခံအားပေးသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၉ ရက်တွင် ယင်းအိမ်ကို ဝိုင်းခဲ့ကြပြီး လူကိုမတွေ့သဖြင့် ဖုန်းငါးလုံးကို သိမ်းယူသွား ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးဆန်းထွန်း အပါအဝင် မိသားစုဝင်များအားလုံး ရှောင်တိမ်းနေရပြီး ဦးဆန်းထွန်းကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက်တွင် နေအိမ်သို့ ထပ်မံလာရှာကြပြီး ကိုဆန်းထွန်းနှင့် မိသားစုဝင်များကို မတွေ့သဖြင့် iPhone-10 တစ်လုံးနှင့် နေအိမ်တွင်းရှိသမျှ ပစ္စည်းအားလုံးကို ကားနှစ်စီးဖြင့် တင်ဆောင် သိမ်းဆည်း သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“ဝင်ရှာလို့လည်း မတွေ့ရော အိမ်က ပစ္စည်းတွေကို Silence Strike ၁၀ ရက်နေ့မှာ အကုန်လုံး သိမ်းသွား တယ်။ ရှိသမျှပစ္စည်း ဘာမှ မကျန်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အိမ်ကို ချိတ်ပိတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိချိတ်ပိတ်ခံရသည့်နေအိမ်မှာ ဦးဆန်းထွန်း၏ ယောက္ခမဖြစ်သူနှင့် အတူနေထိုင်သည့် နေအိမ်ဖြစ်ပြီး ၎င်းမှာ အိမ်ဆိုင်တည်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကားနှင့် ဆိုင်ကယ်တို့ကို ဦးဆန်းထွန်းက ယူဆောင်သွားသဖြင့် သိမ်းဆည်း မခံလိုက်ရကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါ သဲချောင်းကြီးကျေးရွာပါဝင်သည့် တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲငယ် ခြောက်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံရွာသား တစ်ထောင်ကျော် တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။