ပိတ်ဆို့မှုကြောင့် ဒုက္ခတွေ့နေသည့် တောင်ပျောက်တိုက်နယ်

0
268

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများတွင် ပိတ်ဆို့ စစ်ဆေးနေသဖြင့် ဒေသခံများ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရန်ပင် အခက်တွေ့နေပြီး သတ်ဖြတ်မှု၊ မီးရှို့မှု၊ ဖမ်းဆီးမှုများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်းတစ်ခုဖြစ်သည့် သဲချောင်းကြီးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က စစ်ဆေးရေးဂိတ်ချ တားဆီးစစ်ဆေးနေသည်မှာ လအတန်ကြာပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဆန်အိတ်နှင့် အခြားရိက္ခာ၊ ကွမ်းသီးအိတ်များ စသည်တို့ကို မည်သူမည်ဝါ၏ ပစ္စည်းဖြစ်ကြောင်း နာမည် ရေးထိုးပြီး မြို့တက်သည့် ကားဖြင့် တင်ပို့ရောင်းချခြင်း၊ ပစ္စည်းဝယ်ခြင်းတို့ ပြုလုပ်ကြကြောင်း ဒေသခံများက ဆိုသည်။

၎င်းတို့ သင်္ကာမကင်းသည့် နာမည်များပါပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံရွာသားများ၏ စားနပ်ရိက္ခာများကို သိမ်းခြင်း၊ ကွမ်းသီးအိတ်များကို သိမ်းခြင်း၊ ငွေကြေးများကို သိမ်းသည့်အပြင် လူကိုလည်း မသင်္ကာပါက ဖမ်းဆီးသည်ဟု ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က အဆိုပါတိုက်နယ် အလယ်စုရွာက ထားဝယ်မြို့သို့ တင်ပို့သည့် ကွမ်းသီးပိဿာ ငါးရာကျော်ကို သဲချောင်းကြီးရွာ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းယူခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ရွာသားတွေက စားစရာ မရှိလို့ ကွမ်းသီးရောင်းဖို့ဆိုပြီး ထားဝယ်ကို တင်ပေးလိုက်တယ်။ တင်ပေးလိုက်တဲ့ အချိန်မှာပဲ သူတို့က ကွမ်းသီးအိတ်တွေကို သိမ်းပစ်လိုက်တယ်။ ကွမ်းသီးအချိန် ငါးရာကျော်၊ ခြောက်ရာ ကျော် လောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ ကန့်သတ်တားဆီးနေသည်မှာ စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်ဆင်ရေးတပ်တို့ စက်တင်ဘာလ ၇ရက်နေ့တွင် တိုက်ပွဲဖြစ်ပွား ပြီးနောက်ပိုင်းမှစတင်ကာ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်ကလည်း မယ်ကဲကျေးရွာက ကားဆွဲနေသူ အသက် ၃၅ နှစ်ခန့်ရှိ ကိုအောင်ကိုဝင်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ကားနှင့် ကုန်များကိုသာ ပြန်လွှတ်လိုက်သည်ဟု ဒေသခံအချို့က ပြောသည်။

ရိက္ခာဝယ်ယူမှုကို ကန့်သတ်ထားပြီး ဒေသထွက်ကုန်များ ရောင်းချရာတွင်လည်း ၎င်းတို့၏ ခွင့်ပြုချက်ဖြင့်သာ မြို့တက် ရောင်းရ ဝယ်ရသည့် အနေအထားရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မြို့ပေါ်သို့ ပြေးဆွဲသည့် ကားအစီးရေးကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုပြီး ကုန်တင်ခွင့်ကိုလည်း ကန့်သတ်ထားပြန်သေးကြောင်း ၎င်းတို့ထံမှ သိရသည်။

ကားတစ်စီးဆိုလျှင်လည်း ဆန်အိတ် တစ်အိတ်၊ နှစ်အိတ်မှ အများဆုံး သုံးအိတ်အထိသာ သယ်ယူခွင့်ပြု ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ကြောင့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်နေရသည်မှာ လချီကြာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စကားတစ်ခွန်းပြောချင်တာကတော့ အရမ်းခက်ခဲနေကြတယ်” ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။ ရွာတွင်းသို့ စစ်ကောင်စီတပ်များဝင်လာလျှင် ရဟန်းသံဃာများပါမကျန် ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းသို့သော ပဋိပက္ခအခြေအနေများကြောင့် ဆွမ်း၊ ကွမ်းကိစ္စများလည်း ယခင်ကကဲ့သို့ အဆင်မပြေ ကြောင်း သံဃာတော်တစ်ပါးက မိန့်သည်။

ညဘက်ဆိုလျှင် သေနတ်ပစ်ဖောက်မှုလည်း ညတိုင်းလိုလိုကြားရကြောင်း ဒေသခံများက ဆိုသည်။

ထိုအခြေအနေတွင် ဒေသခံများမှာ ဥယာဉ်ခြံသို့လည်း မသွားရဲ နေအိမ်တွင်လည်း မနေရဲဖြစ်နေကြပြီး ရှောင်တိမ်းနေရသူက များသည်ဟု ဒေသခံအချို့က ပြောသည်။

ယင်းအပြင် သတ်ဖြတ်၊ မီးရှို့မှုများလည်း ရှိနေသေးသည်။

ဒီဇင်ဘာလ ၁၇ရက် ည ၇ နာရီခန့်တွင် အလယ်စုကျေးရွာက ဒလန်ဟု သတင်းထွက်နေသူ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ အမျိုးသမီးနှင့် မိသားစုဝင်များမှာ ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူများဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ဆိုင်ကယ်စီး လူငယ်နှစ်ဦးက ၎င်း၏ နေအိမ်သို့ လာရောက် ပစ်ခတ်သွားခြင်း ဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းဖြစ်စဉ်ပြီး နောက်တစ်ရက် ဒီဇင်ဘာလ ၁၈ ရက် (ယနေ့) နံနက် ၁၀ နာရီခန့်တွင် အလယ်စု ကျေးရွာက NLD ပါတီအမာခံ ဦးသောင်းဌေး၏ နေအိမ် မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ခံရသည့် နေအိမ်မှာ ပြာအတိဖြစ်သွားပြီး အိမ်ပိုင်ရှင်မိသားစုမှာ ရှောင်တိမ်းနေကြသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

တောင်ပျောက်တိုက်နယ်၌ မီးရှိုခံရသည့် နေအိမ် ခုနစ်လုံးရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ မေးမြန်းချက်များအရ သိရှိရသည်။

တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ တိုက်ပွဲငယ် ခြောက်ကြိမ်ခန့်ဖြစ်ပွားခဲ့‌ ဒေသခံတစ်ထောင်ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။