ထားဝယ်ခရိုင်လျှပ်စစ်မီတာခ လစဉ်ဈေးတက်၊ တင်ဒါအောင်ဈေးထက် ၄၅ ကျပ်ပို

0
478

ထားဝယ်ခရိုင်တွင် လျှပ်စစ်မီတာခမှာ ပြီးခဲ့သည့် ဇူလိုင်လမှစကာ လစဉ်ဈေးတက်နေပြီး ဈေးတက်မည့် အကြောင်းကို ကြိုတင်အသိပေးခြင်းလည်း မရှိကြောင်း လျှပ်စစ်သုံးစွဲသည့် ပြည်သူများထံမှ သိရသည်။

ဇူလိုင်လက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၅ ကျပ် ကောက်ခံနေရာမှ ဒေါ်လာဈေးတက်သည်ဟုဆိုကာ နိုဝင်ဘာလအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၈၃ ကျပ်အထိ တိုးမြှင့်ကောက်ခံနေသည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro and Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ထားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လုပ်ကိုင်နေခြင်းဖြစ်သည်။

နိုဝင်ဘာလအတွက် ကောက်ခံနေသည့် ဈေးနှုန်းအရ တင်ဒါအောင်ဈေးထက် လျှပ်စစ်တစ်ယူနစ်လျှင် ၄၅ ကျပ် ပိုမိုနေသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်တစ်ယူနစ်လျှင် ဇူလိုင်လတွင် ၂၃၅ ကျပ်၊ ဩဂုတ်လတွင် ၂၄၈ ကျပ်၊ စက်တင်ဘာလတွင် ၂၆၀ ကျပ်၊ အောက်တိုဘာလ တွင် ၂၇၅ ကျပ်နှင့် နိုဝင်ဘာလတွင် ၂၈၃ ကျပ် ကောက်ခံနေခြင်းဖြစ်သည်။

ထိုကဲ့သို့ လျှပ်ယူနစ်ဈေးတက်သည်ကို မီတာခဘေလ်ဖြန့်ဝေချိန်မှသာ သိရသည့်အတွက် မီးသုံးသူများ ချိန်ဆပြီး သုံးစွဲရန် ခက်ခဲကြောင်း ထားဝယ်မြို့မှ လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ဆိုသည်။

“အခုက ပြည်သူကို အသိမပေးဘဲ တက်ချင်သလိုတက်နေတာ။ တစ်ကယ်ဆို ဈေးတက်မယ့် အကြောင်း ကြိုပြီး အသိပေးသင့်တယ်” ဟု ၎င်းက ပြောသည်။

Petro & Trans ကုမ္ပဏီ၏ အထွေထွေမန်နေဂျာကမူ ဒေါ်လာငွေလဲလှယ်နှုန်းထား မြင့်တက်ခဲ့သည့် အတွက် ယင်းကဲ့သို့ လျှပ်စစ်ယူနစ် ဈေးတက်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ကုမ္ပဏီအနေဖြင့် သဘာဝဓာတ်ငွေ့ဝယ်ယူခြင်း၊ သဘာဝဓာတ်ငွေ့မီးစက်၏ အရန်ပစ္စည်း ဝယ်ယူခြင်းနှင့် အရန်မီးစက်များအတွက် ဒီဇယ်ဆီဝယ်ယူခြင်း အစရှိသည့် ပစ္စည်းများ ဝယ်ယူရာတွင် ဒေါ်လာငွေဖြင့် ပေးချေးနေရကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာက ပြောသည်။

“လတ်တလောကတော့ ဒီ ၂၈၃ (ကျပ်) ထက်တော့ တက်ဖို့ မရှိတော့ဘူးနဲ့ တူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုနောက်ပိုင်း (ဒေါ်လာ) ဈေးနှုန်း ငြိမ်လာတာလည်း ပါမယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

မီးသုံးသူစွဲများကို ယူနစ်ဈေးနှုန်းတက်မည့်အကြောင်း ကြိုတင်အသိမပေးနိုင်ခြင်းမှာ (စစ်ကောင်စီခန့်) တိုင်းအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရခြင်းကြောင့်ဖြစ်ကြောင်း အထွေထွေ မန်နေဂျာက ပြောသည်။

ကံပေါက်ဒေသတွင် သဘာဝဓာတ်‌ငွေ့ဖြင့် လည်ပတ်နေသည့် လျှပ်စစ်ဓာတ်အားပေးစက်မှ ထားဝယ်မြို့သို့ ၆၆ ကေဗီလိုင်းဖြင့် သွယ်တန်းပြီး ဖြန့်ဖြူးနေခြင်းဖြစ်သည်။

Petro & Trans ကုမ္ပဏီအနေဖြင့် ထားဝယ်ခရိုင်အပြင် မြိတ်မြို့နယ်တွင်လည်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး နေသည်။