မြိတ်တွင် ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချ

0
290

မြိတ်မြို့တွင် ကျပ်ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရောင်းချသူထံမှ သိရသည်။

အဆိုပါထမင်းဆိုင်ကို ကားနှစ်စီးအသုံးပြု၍ မြိတ်မြို့ကမ်းနားလမ်းတစ်လျှောက် သင်္ဘောဆိပ်နှင့် ဈေးကြီးအနီးတစ်ဝိုက်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချပြီဖြစ်ကြောင်း စီစဉ်သူ ဦးကျော်ကျော်လွင်က ပြောသည်။

ငါးရာတန် ပါဆယ်ထမင်းတွင် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ငါး၊ ပဲကုလားဟင်း စသည့် ဟင်းတစ်မယ်နှင့် အသီးအရွက်ကြော်၊ ဗာလချောင်တို့ ပါဝင်မည်ဖြစ်ပြီး တစ်နေ့လျှင် ပွဲငါးရာရောင်းချပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

“ဘယ်အရောင်အသွေး ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှ မပါဘူး။ ရောင်းချသူရဲ့ ကိုယ်ကျိုးအတွက်လည်း မပါဘူး။ အခက်အခဲဖြစ်နေသူတွေအတွက် စေတနာသန့်သန့်နဲ့ လုပ်တာပါ” ဟု ဦးကျော်ကျော်လွင်က ပြောသည်။

ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခက်အခဲ ဖြစ်နေသူများစွာရှိနေသဖြင့် ၎င်းတို့၏ အခက်အခဲကို နိုင်သလောက်ကူညီရန် သူငယ်ချင်းမိတ်ဆွေများနှင့် တိုင်ပင်ကာ ယခုကဲ့သို့ အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပိုက်ဆံမရှိရင်လည်း လာခဲ့ပါ။ အခမဲ့စားနိုင်အောင် အလှူရှင်တွေနဲ့ တိုင်ပင်ပြီး ကူပွန်လုပ်ပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရွေ့လျားထမင်းဆိုင်ကို လောလောဆယ် တစ်ပတ်လျှင် သုံးရက်သာ ရောင်းချရန်လျာထားပြီး အဓိက အားဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ နေထိုင်သည့် ရပ်ကွက်များသို့ သွားရောက်ကာ ရောင်းချသွားမည်ဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ပြောပြသည်။

“လူအနေအထား ငွေကြေးအနေအထားနဲ့ ဒီလောက်ပဲ လုပ်နိုင်သေးတယ်။ အစဉ်အမြဲ ရောင်းချပေးဖို့လည်း ရည်ရွယ်ထားပါတယ်” ၎င်းကပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အခြေခံလူတန်းစားများသည် လတ်တလောကာလတွင် အလုပ်အကိုင်ရှားပါးမှုနှင့် အလုပ်ထွက်လုပ်ရန် အခက်အခဲ စသည့် ပြဿနာများဖြင့် ရင်ဆိုင်နေရပြီး စားဝတ်နေရေး အခက်အခဲ များလည်း ရှိလာနေသည်။

ယင်းအချိန် မြို့ပြများတွင်လည်း အခြေခံလူတန်းစားများအတွက် ငါးရာကျပ်တန် ထမင်းဆိုင်များ အလျှိုလျှို ပေါ်ပေါက်လာနေသည်။

ကော့သောင်းမြို့တွင်လည်း ကျပ်ငါးရာတန် တန်ဖိုးနည်း ဇလုံထမင်းဆိုင် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကာ ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့က ရောင်းချပေးနေပြီဖြစ်သည်။