လောင်းလုံး ကညုံကျွန်းရွာသား ၁၀ ဦးထက်မနည်း အဖမ်းခံရ

0
364

လောင်းလုံးမြို့နယ် ကညုံကျွန်းရွာ စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖမ်းဆီးသဖြင့် ရွာသားအနည်းဆုံး ၁၀ ဦး အဖမ်းခံထားရပြီး ဆက်လက်ရှာဖွေ ဖမ်းဆီးနေဆဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည့် ကညုံကျွန်းကျေးရွာသို့ ယနေ့ (ဒီဇင်ဘာ ၉) နံနက်ပိုင်းတွင် ကားဖြင့် စစ်ကောင်စီတပ်သား အမြောက်အများ ဝင်ရောက်လာပြီး ရွာထဲတွင် လိုက်လံစစ်ဆေး ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“မျက်စိရှေ့မှာတင် ဖမ်းသွားတာ ဆယ်ယောက်လောက်ရှိတယ်။ မြေသယ်ကားနဲ့ တင်သွားကြတာ။ ရွာထဲက အခြားသူတွေလည်း အဖမ်းခံရသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

နံနက် ၁၀ နာရီအထိ ကညုံကျွန်းရွာထဲတွင် စစ်ဆေးနေဆဲဖြစ်သောကြောင့် နောက်ထပ် အဖမ်းခံရသူများ ထပ်ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကညုံကျွန်းရွာ သုသာန်အနီးရှိ ဓနိတောထဲတွင်လည်း ဝင်ရောက်ရှာဖွေနေသဖြင့် ဓနိလုပ်သားများနှင့် အနီးက စပါးရိတ်သိမ်းနေကြသည့် လယ်သမားများ စိုးရိမ်ကြောက်လန့်နေကြကြောင်း ‌၎င်းကဆိုသည်။

ကညုံကျွန်းရွာသွားလမ်းပေါ်တွင်ရှိသည့် ကထောင်းနီကျေးရွာတွင်လည်း ဒေသခံအချို့အဖမ်းခံထားရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကညုံကျွန်းကျေးရွာသည် ထားဝယ်မြစ်ကမ်းနံဘေးက ရွာတစ်ရွာဖြစ်သည်။