သံဖြူဇရပ် နာရေးကူညီမှုအသင်းဝင်တစ်ဦးကို စစ်ကောင်စီက ထောင်ချ

0
201

ယာယီတပ်ရင်းမှူးအပါအဝင် စစ်သားခြောက်ဦး၏ အလောင်းကို ဓာတ်ပုံရိုက်ပြီး Facebook တွင်တင်သည် ဟုဆိုကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းဝင် ဦးကျော်ဝင်းကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်နှင့် သုံးလ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ရုပ်အလောင်း ဓာတ်ပုံများ Facebook တွင် တင်သဖြင့် အသရေဖျက်မှုအပြင် ပုဒ်မ ၅၀၅ (က) ဖြင့်ပါ စစ်ကောင်စီက အမှုဖွင့်ကာ ဦးကျော်ဝင်းကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“စစ်သားအလောင်းတွေကို ဓာတ်ပုံရိုက် Facebook ပေါ်တင်ခဲ့တဲ့ ကိစ္စနဲ့ ဦးကျော်ဝင်းကို ဖမ်းဆီး တရားစွဲခဲ့တယ်။ မနေ့ (ဒီဇင်ဘာ ၈) က ထောင်တစ်နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အသရေဖျက်မှုကို အောက်တိုဘာလကတည်းက ထောင်ဒဏ် သုံးလ အမိန့်ချခဲ့ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုထားသည့်အမှုကို ဒီဇင်ဘာ ၈ ရက်နေ့က ကျိုက်မရော အကျဉ်းထောင် အထူးတရားရုံးတွင် ထောင်ဒဏ်တစ်နှစ် ထပ်မံအမိန့်ချလိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူးအပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်။

အဆိုပါ သေဆုံးသွားသူ ခြောက်ဦး၏ ရုပ်အလောင်းကို သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းက သွားရောက် ကောက်ယူခဲ့ပြီး သုသာန်တွင် ထားရှိခဲ့စဉ် ဓာတ်ပုံရိုက်ကူးကာ Facebook တွင် တင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးထောင်ချခြင်းဖြစ်သည်။