ထားဝယ်မြို့လယ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
764

ထားဝယ်မြို့လယ်ရပ်ကွက်တစ်ခုဖြစ်သည့် ပုံကျွန်းရပ်ကွက်၊ ဦးဘအိုလမ်းရှိ လက္ဘရည်ဆိုင်တစ်ခုတွင် နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက ဒလန်ဟုစွပ်စွဲခံရသူ ဒေါ်ဇာခြည်ဦး ဆိုသည့် အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးမှာ စစ်ကောင်စီ သတင်းပေးနေသူတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသူများကို အချုပ်ထောင်မှ လွှတ်ပေးမည်ဟုဆိုကာ ပွဲစားပုံစံဖြင့် အခကြေးငွေများကို မတရားတောင်းခံနေသူတစ်ဦးဖြစ်ကြောင်း ထားဝယ်မြို့ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

ဒေါ်ဇာခြည်ဦးမှာ ရာထူးအာဏာရရှိရေးအတွက် ကိုယ်ကျိုးရှာ အခွင့်အရေးသမားဖြစ်သဖြင့် ထားဝယ်ပြောက်ကျားတပ်ဖွဲ့မှ ခန္ဓာကိုယ်နှင့် ဦးခေါင်းအား သေနတ်ဖြင့် ၉ ချက်ပစ်ကာ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အမျိုးသမီး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ပုံကျွန်းရပ်ကွက်တွင် စစ်ကောင်စီတပ်များက လူအချို့ကို ဖမ်းဆီးထားသည် ဆိုသော်လည်း သီးခြား အတည်မပြုနိုင်သေးပါ။