ရေး-သံဖြူဇရပ်လမ်းမတွင် ကထိန်ခင်းပြီးပြန်လာသည့်ကားတိုက် ၇ ဦးသေ၊ ၆ ဦးဒဏ်ရာရ

0
294

မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းမ နှစ်ကရင်လမ်းဝတွင် ကထိန်ခင်းပြီးပြန်လာသည့် ကားနှင့် အခြားကားတစ်စီး တိုက်မိပြီး ခရီးသည် ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်အချိန်ခန့်က ရန်ကုန်တွင် ကထိန်ခင်းပြီး ပြန်လာသည့် ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် light Truck မော်တော်ယာဥ်နှင့် နှစ်ကရင်ရွာလမ်းဝမှ ထွက်လာသည့် ရော်ဘာသစ်တင်ကားတို့ တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် light Truck ယာဥ်ပေါ်ပါ ခရီးသည် ၁၆ ဦးအနက်မှ ၇ ဦး ပွဲချင်းပြီး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေးမြို့ အောင်မင်္ဂလာလူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယာဥ်မောင်းနှင့် ယာဥ်ပေါ်ပါ ကလေးနှစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

“light Truck ကားကတော့ မိန်းလမ်းမကြီးကနေ သွားနေတာပေါ့။ နှစ်ကရင်လမ်းဝကနေထွက်လာတဲ့ သစ်ကားနဲ့ ဖင်ကနေ ဖြတ်တိုက်လိုက်တာ light Truck ကားကတော့ တစ်စီးလုံးကျေသွားတယ်။ လူ ၇ ယောက် သေသွားတယ်၊ ၆ ယောက် ဒဏ်ရာရတယ်” ဟု ရေးမြို့ အောင်မင်္ဂလာလူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကိုဘမင်းက ပြောသည်။

သေဆုံးသွားသူ ၇ ဦးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၆ ဦးဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးအနက်မှ လက်ကျိုး၊ ပေါင်ကျိုးဒဏ်ရာရရှိထားသည့် ကလေးနှစ်ယောက်ကို မော်လမြိုင်ဆေးရုံသို့ ကူညီပို့ဆောင်ထားပြီး ကျန်လူနာ ၄ ဦးကို ရေးမြို့ဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်။

ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့် အဆိုပါ light Truck ယာဥ်သည် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖောင်းတောကျေးရွာမှ ဖြစ်ပြီး ရန်ကုန်မြို့တွင် ကထိန်ခင်းပြီးပြန်လာခြင်းဖြစ်သည်။

သေဆုံးသွားသူ ရုပ်အလောင်းများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် နေရပ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ကိုဘမင်းက ပြောသည်။

တိုက်မှုဖြစ်ပွားခဲ့သည့် ရော်ဘာသစ်တင်ကားမှာ ထိခိုက်မှုမရှိပဲ ယာဥ်မောင်း ထွက်ပြေးသွားသည်ဟု အဆိုပါ ယာဥ်တိုက်မှုဖြစ်ကို ကူညီဆောင်ရွက်ပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။