ထားဝယ်-မြိတ် လေ‌ကြောင်းခရီးစဉ် ပြန်ဆွဲရန် ပြင်

0
685
ထားဝယ်လေယာဉ်ကွင်းအား ယမန်နှစ်က တွေ့ရစဉ်

ထားဝယ်နှင့် မြိတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ရေး အိမ်တွင်နေထိုင်ရန် Stay at Home မှ ပယ်ဖျက်လိုက်ပြီဖြစ်သည့်အတွက် လေယာဉ်ခရီးစဉ်များ ပြန်ပြေးဆွဲရန် စီစဉ်နေကြောင်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

ကိုဗစ်ကူးစက်မှုမြင့်တက်လာသည်ဟုဆိုကာ တနင်္သာရီတိုင်းအတွင်းရှိ ထား၀ယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်းများလိုင်းများကို ယခုနှစ် မေလနှောင်းပိုင်းတွင် စတင်ရပ်နားခဲ့ပြီး အချိန်ကာလအလိုက် သက်တမ်းတိုးလာခဲ့သည်။

ထိုနောက် ရန်ကုန်-ကော့သောင်း ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) နှင့် Air KBZ လေကြောင်းလိုင်းတို့က အောက်တိုဘာလ တတိယအပတ်တွင်မှ ပြန်လည်ပြေးဆွဲခဲ့သည်။

လက်ရှိတွင် ထားဝယ်နှင့် မြိတ်မြို့နယ်အား Stay at Home ပယ်ဖျက်လိုက်ပြီး လေယာဥ်ခရီးစဥ်များ ပြန်ပြေးဆွဲရန် စီစဥ်လာခြင်းဖြစ်သည်။

“လေယာဉ်လိုင်းတွေ အခုစဖွင့်ပေးမယ်လေ။ ထင်ပါတယ် အခုက စနေ၊ တနင်္ဂ‌နွေခံသွားပြီဆိုတော့ တနင်္လာနေ့လောက်ဆို စဆွဲဖြစ်မှာပေါ့”ဟု ဦးမြတ်ကိုက ပြောသည်။

ထားဝယ်မြို့ အခြေစိုက် လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကမူ လေယာဉ်ပြန်ပြေးဆွဲမည့်အကြောင်းကို လေကြောင်းလိုင်းဘက်က နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းအထိ အကြောင်းကြားလာခြင်းမရှိသေးဟု ဆိုသည်။

ယခင်က တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရီးစဉ်များကို Air KBZ ၊ မန်းရတနာပုံ၊ ရွှေမြန်မာနှင့် MNA နှင့် MAI လေကြောင်းလိုင်းများ ပြေးဆွဲခဲ့သည်။