လောင်းလုံးတွင် ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

0
261

လောင်းလုံးမြို့နယ် ရဘဲကျေးရွာနှင့် ဇလွတ်ကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၂ ရက် ညနေ ၆ နာရီကျော်က ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပျူစောထီးချစ်စမ်းမောင်နှင့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသောအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ ၎င်းတို့အဖွဲ့ဖြစ်ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) က ထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခံရသည့်ကားပေါ်တွင် ကျောက်နီမော်ရွာတွင်နေထိုင်သူ ဦးချစ်စမ်းမောင်ဆိုသူနှင့် အခြားသူလေးဦးခန့်ရှိကြောင်း ဒေသခံတစ်ဦးကဆိုသည်။

မိုင်းခွဲခံရသဖြင့် ဦးချစ်စမ်းမောင်မှာ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကျန်သူများလည်း ဒဏ်ရာအသီးသီးရရှိကာ ဆေးရုံသို့ တင်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်သည့်နေရာမှာ လူပြတ်သည့်နေရာဖြစ်သည့်အပြင် ညနေ ၆ နာရီကျော် လူခြေတိတ်သည့်အချိန် ဖြစ်သဖြင့် ဖြစ်စဉ်အသေးစိတ်နှင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သေတဲ့သတင်းတော့ မကြားရသေးဘူး။ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်ပဲ ကြားရတယ်။ ဘယ်ဆေးရုံမှာလဲဆိုတာလည်း မသိရဘူး။ ရွာကိုတော့ (တိုက်ခိုက်ခံရတဲ့သူတွေ)တစ်ယောက်မှ ပြန်မရောက်လာကြသေးဘူး” ဟု ကျောက်နီမော်ကျေးရွာ ဒေသခံတစ်ဦးက နိုဝင်ဘာလ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် ပြောသည်။

လောင်းလုံးမြို့နယ်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းများ အားကောင်းခဲ့စဉ် ဦးချစ်စမ်းမောင်၏ သားဖြစ်သူက ကျောက်နီမော်ကျေးရွာ သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ဓားဖြင့်ခုတ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ၎င်းအသတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်ကလည်း လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာအကြားတွင် ပျူစောထီးဆိုသူ၏ ကားတစ်စီး မိုင်းဆွဲတိုက်ခံခဲ့ရသေးသည်။