အွန်လိုင်း ရွှေစျေးသည်

0
227

ထားဝယ်မုန့်လက်သုပ်သည်လေး မပန်းအိတစ်‌ယောက် ရွှေထည်ရောင်းသူအဖြစ် နေ့ချင်းညချင်း ပြောင်း သွားပါတယ်။

တစ်ပွဲ ၃၀၀ ကျပ်တန် မုန့်လက်သုပ်သည်ဘဝမှ ကျပ်သိန်းချီတဲ့ ရွှေအထည်တွေကို အွန်လိုင်းပေါ်ကနေရောင်းတဲ့ အခြေအနေကို ပြောင်းသွားတာပါ။

လက်ရှိ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေးအခြေအနေတွေက မပန်းအိ (အမည်လွှဲ) ရဲ့ ဘဝကို အွန်လိုင်း ရွှေကုန်သည်အဖြစ် ပြောင်းလဲ‌ ပေးလိုက်တာပါ။

အရင်ကဆိုရင် ရွှေဆိုင်ပိုင်ရှင်တစ်‌ယောက်ဖြစ်ဖို့ ပိုင်ဆိုင်မှုက ကျပ်သိန်းပေါင်းများစွာ ပိုင်ဆိုင်ဖို့ လိုပေမယ့် အခုခေတ်မှာတော့ ရွှေအထည်တွေရောင်းဖို့ ငွေ‌ကြေးမလိုအပ်တော့ပါဘူး။

ရွှေဆိုင်ပိုင်ရှင်တစ်‌ယောက်လို ရွှေထည်ပစ္စည်းတွေ ရောင်းဖို့ လူမှုကွန်ရက် Facebook ပေါ်မှာ သူငယ်ချင်းဉီးရေ နှစ်ထောင်ရှိဖို့ပဲ လိုတာပါ။

ပြီးရင် Facebook ပေါ်မှာ ရွှေထည်ပစ္စည်းပုံတွေတင်ပြီး အွန်လိုင်းကနေပဲ ရောင်းချတာဖြစ်ပါတယ်။

အရင်းအနှီးအနေနဲ့ Facebook သုံးဖို့ အင်တာနက်ဖိုးပဲ လိုအပ်တာပါ။

ရွှေရောင်းတဲ့ ပုံစံက ရွှေဆိုင်တစ်ဆိုင်နဲ့ ချိတ်ဆက်ထားတဲ့ အဖွဲ့ဝင် တစ်‌ယောက်က Facebook ပေါ်မှာ သူငယ်ချင်းတွေနဲ့ အုပ်စု (Group) ဖွဲ့ပြီး ရွှေအထည်ပစ္စည်းပုံစံနဲ့ ရေးရမယ့် ကြော်ငြာစာသားတွေကို နေ့တိုင်းပို့ပေးတာြဖစ်ပါတယ်။

ရွှေထည်ပစ္စည်းရောင်းလိုတဲ့ မပန်းအိက အဖွဲ့ဝင် (Member) တင်ပေးသမျှ ရွှေထည်ပစ္စည်းပုံနဲ့ ကြော်ငြာစာသားတွေကို ကော်ပီကူးပြီး ကိုယ့်ရဲ့ Facebook စာမျက်နှာပေါ် တင်ပေးရုံပါ။

ကိုယ့်စာမျက်နှာ ပေါ် တင်လိုက်လို့ ပေါ်က Facebook သူငယ်ချင်းတွေမြင်ပြီး ရွှေထည်ပစ္စည်းကို သဘောကျတယ်ဆိုရင် အချင်းချင်းဆက်သွယ်ပြီး ရောင်းချရုံပဲဖြစ်ပါတယ်။

ကိုယ်နဲ့ချိတ်ဆက်ပြီး အရောင်းအဝယ်ဖြစ်မယ်ဆိုရင် ‌ရွှေထည်ပစ္စည်းရဲ့ တန်ဖိုးအပေါ်မူတည်ပြီး အကျိုးအမြတ်ရရှိတာပါ။

“ကျွန်မမှာ လာဝယ်တယ်ဆိုရင် သူ(Member)နဲ့ ချိတ်ပေးလိုက်ရုံပဲ။ အော်ဒါကောက်ပေးတဲ့ သဘောပဲ” ဟု မပန်းအိက ပြောသည်။

ဒါပေမယ့် အဲလိုရောင်းချဖို့အတွက် စည်းကမ်းချက်တစ်ချို့တော့ ရှိနေပါသေးတယ်။

Facebook Group မှာ မန်ဘာပို့ထားတဲ့ အရောင်းPost တွေထဲက တစ်ရက်အနည်းဆုံး ၁၀ ခုကို ကိုယ့် wall ပေါ် ပြန်တင်ပေးရတာပါ။

သူတို့ ရောင်းနေတဲ့ ရွှေအထည်တွေကလည်း ၁၃ ပဲရည်၊ ၁၅ ပဲရည်ကအစ အခေါက်ရွှေအထိ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်၊ ဆံညှပ် အစသဖြင့် အမျိုးအစား စုံလင်လှပါတယ်။

အဲဒီထဲကမှ ကျပ်တစ်သိန်းအထိ တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း အရောင်းအဝယ်ဖြစ်ရင် အကျိုးဆောင်ခအနေနဲ့ လေးထောင်ကျပ်ရပြီး တစ်သိန်းအထက်ဆိုရင် ရွှေထည်ပစ္စည်းရဲ့တန်ဖိုးအပေါ်မူတည်ပြီး အကျိုးဆောင်ခ ရတယ်လို့ မပန်းအိက ရှင်းပြပါတယ်။

ရွှေထည်ပစ္စည်းဝယ်ရာမှာလည်း ငွေသားလက်ငင်းပေးချေတဲ့စနစ်နဲ့ မိုဘိုင်းဘဏ် အွန်လိုင်း banking စနစ်နဲ့ပါ လက်ခံတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့ပေး၊ လပေး၊ အရစ်ကျပုံစံ‌တွေ နဲ့ပါ ဝယ်ယူနိုင်ပါသေးတယ်။

လက်ရှိရောင်းချတဲ့ ပုံစံနဲ့ တစ်လမှာ ပျမ်းမျှ ၅ ယောက်လောက် ဝယ်ယူနေတယ်လို့ ‌Facebook ပေါ်ကနေ ရွှေထည်ပစ္စည်းရောင်းနေတဲ့ ထားဝယ်မြို့နေ အခြားအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ထားဝယ်မြို့ပေါ်နေသူတွေအပြင် နယ်ဘက်မှာနေသူတွေလည်း ဝယ်ယူကြတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ရွှေဝယ်ဖို့ မြို့ပေါ်လာရာမှာ ငွေကြေးသယ်ဆောင်ဖို့ အဆင်မပြေတဲ့အတွက် အခုလိုအွန်လိုင်းပေါ်က ဝယ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေဆိုင်မှာ တိုက်ရိုက်ဝယ်ရင် ငွေ‌အပြေအကျေပေးရပေမယ့် အခုလိုအွန်လိုင်းကဝယ်ရင် အရစ်ကျပေးချေလို့ရတဲ့အတွက် အခြေခံလူတန်းစားတွေက ပိုပြီးစိတ်ဝင်စားကြတာလို့ ပြောပါတယ်။

ရွှေဆိုင်မှာ ရောင်းတဲ့ဈေးနှုန်းနဲ့ အွန်လိုင်း‌ပေါ် ရောင်းတဲ့ဈေးနှုန်းလည်း မကွာဘူးလို့ ဆိုပါတယ်။

ဒီလိုမျိုး အွန်လိုင်းပေါ်က ရောင်းရာမှာ မှန်မှန်ကန်ကန် ရောင်းသူတွေရှိသလို ရွှေအရည်အသွေးကို လျော့ပြီး ရောင်းတာမျိုးကိုတော့ သတိထားဝယ်ဖို့ လိုတယ်လို့ ထားဝယ်မြို့ဈေးကြီးရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက သတိပေးပြောဆိုပါတယ်။

ဥပမာအနေနဲ့ အွန်လိုင်းပေါ်မှာ ၁၃ ပဲရည်လို့ ပြော‌ပြီးရောင်းပေမယ့် တစ်ကယ်ဝယ်တဲ့အချိန်မှာ ရွှေအရည်အသွေးက ၁၀ ပဲရည်/၁၁ ပဲရည်လောက် ရှိတာမျိုးကို သတိထားဝယ်ယူဖို့ လိုတယ်လို့ ဆိုပါတယ်။

“Onlineမှာက ၁၃ ပဲရည် ပြောရောင်းရင် ၁၀ ပဲ- ၁၁ ပဲရည်လောက်ပဲရှိမယ်ထင်တယ်၊ ဒီလိုတွေလည်း ရှိပါတယ်” လို့ အဲဒီ ရွှေဆိုင်ပိုင်ရှင်က ပြောပါတယ်။

ဒါပေမယ့် အွန်လိုင်းပေါ်ရောင်းချနေသူတွေရဲ့ ကြော်ငြာတွေအရ ရွှေဝယ်ရင် ဘောက်ချာပါပေးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြန်ရောင်း ပြန်လဲတဲ့အခါ ရွှေထည်ပျက်စီးတာမရှိရင် ရာခိုင်နှုန်းအလိုက်ပဲ ငွေလျော့မှာလို့ ပြောပါတယ်။

ရွှေဆိုင်အများစုကတော့ အခုလိုမျိုး အွန်လိုင်းပေါ် ကြော်ငြာရောင်းပေးသူတွေနဲ့ ချိတ်ဆက်ပြီးရောင်းနေကြတယ်လို့ ဆိုပါတယ်။

သူတို့နဲ့ ချိတ်ဆက်ပြီး လာဝယ်လို့ရှိရင် ဝယ်တဲ့ပစ္စည်းဈေးနှုန်း အပေါ်မူတည်ပြီး ကော်မရှင်ခပေးတယ်လို့ အဲဒီရွှေဆိုင်ပိုင်ရှင်က ပြောပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကပ်ဘေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေကြောင့် မပန်းအိတို့လို အွန်လိုင်းပေါ်ကနေ ရွှေရောင်းသူတွေ တစ်နေ့တစ်ခြား ပိုများလာတာ တွေ့ရပါတယ်။

“မဟုတ်လည်း အွန်လိုင်းသုံးနေတာပဲဆိုတော့ မုန့်ဖိုးပဲရပါစေဆိုပြီး လုပ်နေတာ” လို့ မပန်းအိက ပြောပါတယ်။