လောင်းလုံးဒေသခံများ ဆက်တိုက်အဖမ်းခံရ

0
751

နိုင်ဘာလ ၁ ရက်က လောင်းလုံး- စစ်ပြဲသွားလမ်းတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ပြဲကျေးရွာအပါအဝင် အနီးနားကျေးရွာမှ ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

ယနေ့ နိုဝင်ဘာလ ၃ ရက်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်း သုံးဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 

ယင်းကျေးရွာနေ ကိုလုလုဇော်အား လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးဖြစ်သူနှင့် ၂ နှစ် အရွယ်ကလေးတစ်ဦး၊ ထို့အပြင် ဦးလေးဖြစ်သူ ကဒက်ထိန်ကျေးရွာ ရာအိမ်မှူးဟောင်းဖြစ်သူ ဦးဇော်ဝင်းကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။ 

နိုဝင်ဘာလ ၂ ရက်က စစ်ပြဲကျေးရွာအုပ် စစ်ပြဲရှေ့ပိုင်းရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်၏ မိသာစုနေအိမ်တစ်လုံး မီးရှို့ခံရပြီး ကျေးရွာဒေသခံ ၁၂ ဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

ယင်းအဖမ်းခံရသူများအနက် လေးဦးကို စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ပြီး ၈ ဦးကိုဖမ်းဆီးသွားခဲ့ရာ ပြန်လွတ်လာသူမရှိသေးကြောင်း ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၁ နာရီခန့်တွင်ပြောကြားသည်။ 

ယင်းနေ့တွင်ပင် ပြင်းထိန်ကျေးရွာရှိ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ မိခင်လည်း ဖမ်းဆီးခံခဲ့ရပြီး ညပိုင်းတွင် စစ်သားများရွာအတွင်း ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

တစ်ချိန်တည်းတွင် လောင်းလုံးမြို့ပေါ်တွင်လည်း ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန CDM ဝန်ထမ်း၏ မိသားစုဝင်တို့ကို ဖမ်းဆီးသွားကြောင်း ‌မြို့ခံတစ်ဦးက ပြောသည်။

‌ယင်းကဲ့သို့ဝင်ရောက်ဖမ်းဆီးစဉ် အဖိုးတန်ပစ္စည်းများကိုလည်း သိမ်းဆည်းသွားလေ့ရှိပြီး နေအိမ်ပရိဘောဂများကိုပါ ဖျက်ဆီးလေ့ရှိကြောင်း ဒေသခံတို့က ပြောကြားသည်။

Dawei Watch