ဒုတိယအကြိမ်ကျောင်းပြန်ဖွင့်ချိန် တိုင်းအတွင်း ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းကျော်

0
245
ယမန်နှစ်က စာသင်နေသည့် အခြေခံပညာကျောင်းသားများအား တွေ့ရစဉ်။

စစ်ကောင်စီက ဒုတိယအကြိမ် ကျောင်းတွေပြန်ဖွင့်ရန် ကြိုးပမ်းချိန်တွင် တနင်္သာရီတိုင်းအတွင်း ကျောင်းတက်သူ ဆယ့်ခြောက်ရာခိုင်နှုန်းကျော်ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

တပ်ကောင်စီအစိုးရက အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့ရာ မနေ့က ကျောင်းတက်သူ စုစုပေါင်း တစ်သောင်းသုံးထောင် ရှစ်ဆယ့်ရှစ်ဦး(၁၃၀၁၈) ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

အထက်ပါ ကျောင်းတက်သူစာရင်းမှာ တစ်တိုင်းလုံးရှိ စာရင်းဖြစ်ပြီး အခြေခံပညာအစိုးရစာသင်ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ ဘက ကျောင်းများတွင် တက်ရောက်သည့် စာရင်းဖြစ်သည်။

ဇွန်လ ၁၀ ရက် ပထမအကြိမ်ဖွင့်လှစ်ခဲ့စဉ်က တိုင်းအတွင်း ကျောင်းတက်သူ ၆၅၁ ဦးရှိပြီး ဇူလိုင်လ ၈ ရက် ကိုဗစ်ကြောင့် ကျောင်းတွေပြန်ပိတ်လိုက်ရသည့်အချိန်ထိ ကျောင်းတက်သူ ၇၉၈၁၈ ဦးရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။

“အခုမှဖွင့်ဖွင့်ချင်းလည်း ဖြစ်တာဆိုတော့လေ ကလေးတွေက တက်တော့တက်မှာပါ တဖြည်းဖြည်းနဲ့လေ၊ တစ်ချို့ကလေးတွေက ကျောင်းဖွင့်တာ မသိသေးသူတွေလည်းရှိတယ်၊ ခရီးလွန်နေကြတာလည်းရှိတယ်”ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့မှ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းတွင် စာရင်းရှိ ကျောင်းသား နှစ်ထောင်ကျော်ရှိသော်လည်း ယမန်နေ့က ကျောင်းလာတက်သူ တစ်ရာမပြည့်ကြောင်း ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁၉-၂၀၂၀ ပညာသင်နှစ်(ကိုဗစ်မဖြစ်ခင်)က တိုင်းအတွင်း ကျောင်းအပ်သူ သုံးသိန်းတစ်သောင်းကျော်ရှိပြီး ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်သူ တစ်သိန်းနီးပါးရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာ သင်ရိုးညွှန်တမ်းများကို ပြောင်းထားပြီး သင်ခန်းစာများလည်း လျော့ထားကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မူလတန်းနှင့် အလယ်တန်းမှာ ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင် စာမေးပွဲဖြေဆိုမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို မတ်လအတွင်း စစ်ဆေးမည်ဟု ကြားသိရသည့် ကိစ္စနှင့်ပတ်သက်၍ အထက်ပါ တာဝန်ရှိသူအမျိုးသားကို မေးမြန်းရာ စာမေးပွဲဖြေဆိုမည့်ကိစ္စနှင့် ပက်သက်ပြီး အခြေခံပညာဦးစီးဌာနက တစ်စုံတစ်ရာညွှန်ကြားလာခြင်းမရှိသေးဟု ဆိုသည်။

သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာမှ စတုတ္ထတန်းကျောင်းသားတစ်ဦး၏ အုပ်ထိန်းသူအမျိုးသမီးကမူ ယခုနှစ်တွင် ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေကြောင့် ကလေးကို ကျောင်းမထားဖြစ်ကြောင်း ရှင်းပြသည်။

“ရောဂါနဲ့ ဘာနဲ့ဆိုတော့ ရောဂါကူးမှာလည်းကြောက်တယ်၊ နိုင်ငံရေးအခြေအနေလဲ ပါတာပေါ့၊ တခုခုဆို ကလေးတွေက ပြေးမနိုင် လွှားမနိုင်နဲ့” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။