တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းအမှု နိုဝင်ဘာလ ၁၁ ရက်နေ့ အမိန့်ချမည်

0
249

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ဦးမြင့်မောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် သံပုံး (လင်ပန်း) တီးသည့် ဗီဒီယိုဖိုင်အား လူမှုကွန်ရက်ပေါ်တင်ခြင်းကြောင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများပြည်သူကို လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကိုလည်းကောင်း၊ ကြောက်ခြင်း ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သည်။

ကျူးလွန်သည်ဟု သတ်မှတ်ခံရလျှင် ငွေဒဏ် နှစ်သိန်းဖြစ်စေ၊ အများဆုံးထောင်ဒဏ် ၂ နှစ်ဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နံနက်စောစောတွင် ဦးမြင့်မောင်အား ဖမ်းဆီးခဲ့ပြီးနောက်ရက်အနည်းငယ်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးများအိမ်ရာသို့ ပြန်ပို့ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။