ကမြောကင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့် ပစ်သတ်ခံရ

0
131
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဇွန်လ ၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကျေးရွာအုပ်စု အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်သိန်း ခေါ် ဦးအာလူးကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ရွာရှိ ၎င်းနေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“သူ့အိမ်ရှေ့မှာ ရပ်နေတုန်းမှာ ပစ်သွားတယ်လို့ သိရတယ်၊ သေနတ်သံ လေးချက်ကြားရတယ်၊ အခုထိ အရေးပေါ်ကားက ရပ်ထားတုန်းရှိသေးတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

လက်ရှိတွင် သေနတ်ပစ်ခံရသည့် ဦးအာလူးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဦးအာလူးမှာ ယခင်စစ်အစိုးရလက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆိုင်ကယ်ပေါ်ကနေ တေ့ပြီးပစ်သွားတယ်လို့ သိရတယ်။ ပစ်တဲ့ လူကတော့ ဖမ်းမမိဘူး။ အခုတော့ အပစ်ခံရတဲ့သူက သေသွားပြီခင်ဗျား” ဟု ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

သောကြာပြင်ကျေးရွာသည် ထားဝယ်- မောင်းမကန်ကမ်းခြေသွားသည့် လမ်းမပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့ တစ်ဖက်ကမ်းတွင် တည်ရှိသည်။