ကိုဗစ်ကု သီတဂူဆေးရုံ စေတနာ့ဝန်ထမ်းများ စားသောက်ရေး အခက်ကြုံ

0
145

ကိုဗစ်ရောဂါ ကုသပေးနေသည့် ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ကူညီလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများ ထမင်းစားသောက်ရေးအတွက် အခက်ကြုံနေကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။

ကြက်ခြေနီတပ်ဖွဲ့က အထက်ပါဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်လူနာများအား စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တပ်ဖွဲ့၏ စေတနာ့ဝန်ထမ်း ၁၀ ဦးက ကိုဗစ်လူနာဆေးရုံလာတက်ချိန်တွင် နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ လူနာမိသားစုလာပို့သည့် ထမင်းဟင်းများ သွားပို့ပေးခြင်း အစသဖြင့် ကူညီပေးနေကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ စေတနာ့ဝန်ထမ်း ၁၀ ဦးအတွက် တစ်ရက်လျှင် ထမင်းသုံးနပ်ကျွေးမွေးရန် ရန်ပုံငွေမရှိသဖြင့် အခက်ကြုံနေရကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။

“စေတနာ့ဝန်ထမ်းတွေ စားဖို့ အရမ်းအခက်အခဲဖြစ်နေတယ်၊ ကျွန်တော်တို့ဆီမှာ ရန်ပုံငွေလည်း မရှိဘူး” ဟု ဦးကိုကိုနိုင်က ပြောသည်။

ယခင်က ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) က စေတနာ့ဝန်ထမ်းများ စားသောက်ရေး ကူညီပေးခဲ့သော်လည်း ပြီးခဲ့သည့် မတ်လမှစကာ ရပ်ဆိုင်းထားကြောင်း ၎င်းက ဆိုသည်။

အထက်ပါ အထောက်အကူပြုအဖွဲ့က ကိုဗစ်ကာကွယ်ရေးပစ္စည်းများကိုမူ ထောက်ပံ့နေဆဲဖြစ်ကြောင်း ဦးကိုကိုနိုင်က ပြောသည်။

လက်ရှိ အလှူရှင်အချို့၏ အလှူငွေကို လူနာတင်ယာဉ်ပုံမှန်လည်ပတ်ပြီး ကူညီနိုင်ရေးအတွက် ချင့်ချိန်အသုံးပြုနေရကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ယမန်နှစ် အောက်တိုဘာလမှစတင်ကာ ကိုဗစ်လူနာများ လက်ခံကုသပေးနေသည်။

လက်ရှိတွင် သီတဂူဆေးရုံ ၌ ကိုဗစ်လူနာ ၉ ဦး ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ဘေး ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနေပြီး ဇွန်လ ၄ ရက်နေ့တွင် ပိုးတွေ့လူနာ ၂၁၂ ဦးအထိ ရှိနေသည်။