တနင်္သာရီတိုင်းမှ INGO အဖွဲ့များ ခေတ္တရုံးပိတ်ထားရန် ညွန်ကြား

0
199

တနင်္သာရီတိုင်းအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း INGO အဖွဲ့များ လတ်တလောအခြေအနေများအရ ခေတ္တရုံးပိတ်ထားပြီး ရုံးချုပ်တွင်သွားရောက်အခြေပြုရန် တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနက ညွှန်ကြားလိုက်သည်။

တနင်္သာရီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ညွန်ကြားခြင်းဖြစ်ပြီး မည်သည့်အတွက် ယင်းသို့ညွန်ကြားခဲ့ရသည်ကိုမူ မသိရကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။

“ဘာကြောင့် လုပ်ငန်းရပ်နားခိုင်းရတာလဲဆိုတာကိုတော့ ကျွန်တော့ အနေနဲ့ ရှင်းပြလို့မရနိုင်ဘူး။ အစိုးရအဖွဲ့က စာထုတ်လို့ တို့ဌာနက ညွန်ကြားချက်ပြန်ထုတ်တာပါ” ဟု ဦးထွန်းထွန်းနိုင်ကဆိုသည်။

တိုင်းအတွင်းလူသားချင်းစားနာမှု အကူအညီများဆောင်ရွက်ရန် လူမူဝန်ထမ်း ဦးစီးဌာနနှင့် လက်မှတ်ရေးထိုးထားသော ဝေါဗီရှင် (World Vision Myanmar၊ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ (Child Fund Myanmar)၊ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့် (Mines Advisory Group Myanmar) တို့လည်း ခေတ္တရုံးပိတ်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“သူတို့ညွန်ကြားတဲ့အတိုင်း လိုက်နာဖို့ပဲရှိပါတယ်” ဟု World Vision တနင်္သာရီဇုန်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် ကျန်းမာရေး၊ ပညာရေး စသည့်ဦးစီးဌာနတို့နှင့် လက်မှတ်ရေးထိုးထားသော INGO အဖွဲ့များလည်း ရပ်နားရမည်ဖြစ်သည်။

HIV/ AIDS ဝေဒနာရှင်များအား ပုံမှန်ဆေးသောက်နိုင်ရန် အကူအညီပေးနေသည့် INGO အဖွဲ့များလည်း တိုင်းအတွင်း ရုံးဖွင့်ဆောင်ရွက်လျှက်ရှိသည်။