ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

0
222
Dawei Watch, Dawei News, Dawei News Media

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က တံခွန်တိုင် ရဲစခန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နှင့် ရဲနှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယင်းဒေသမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ၏ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လည်း ဖြစ်သည်။

တိုက်ပွဲကြောင့် တံခွန်တိုင်ကျေးရွာခံများ ဘေးလွတ်ရာ ရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

“ပစ်ခတ်မှုဖြစ်တာက နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တယ်၊ လက်နက်ကြီးတွေရော အသေးတွေရော ကြားရတယ်” ဟု တံခွန်တိုင်ကျေးရွာခံတစ်ဦးက ပြောသည်။

ယခု ပစ်ခတ်မှုဖြစ်ပွားနေသည့် တံခွန်တိုင်ရဲစခန်းနေရာတွင် ပြီးခဲ့သည့် ဧပြီလက စစ်တပ်နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းပြီး လာရောက်တပ်စွဲခဲ့သည်။

ထိုကဲ့သို့ ကျေးရွာအတွင်း စစ်တပ်များ လာရောက်တပ်စွဲထားသည်ကို လက်မခံသည့် ကျေးရွာခံတို့က တပ်စွဲထားခြင်းကို ပြန်လည်းရုပ်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုခဲ့သော်လည်း ပြန်လည်ရုပ်သိမ်းပေးခြင်းမရှိကြောင်း ဒေသခံတို့က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ ၆၊ တပ်မဟာ ၅၊ တပ်မဟာ ၃ နှင့် တပ်မဟာ ၁ နေရာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နှင့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နှင့် စစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ကရင်ဒေသခံများ ထိုင်းနိုင်ငံနှင့် ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။