ထားဝယ်အထူးစီးပွားရေးဇုန် ဆက်လုပ်မည်ဟုဆို

0
134

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တပ်ကောင်စီ ခေါင်းဆောင်က ပြောကြားလိုက်သည်။

ဇွန်လ ၁ ရက်နေ့က ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန်ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ယခင်က ဒုတိယ သမ္မတ က တာဝန်ယူထားသော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် နကစကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တာဝန်ယူထားသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန် အဖွဲ့အစည်းအားလုံး ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗဟိုအစည်းအဝေးတွင် ပြောသည်။

အထူးစီးပွားရေးဇုန်များအတွက် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်ခွဲမှုကော်မတီများ ရှိသည်။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် အထူးစီးပွားရေးဇုန်များဖွံ့ဖြိးတိုးတက်ရေးအတွက် ဆက်လုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအစည်းအဝေးတွင် ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် ထားဝယ်- ထီးခီးနှစ်လမ်းသွား ကားလမ်း၊ လျှပ်စစ်မီးရရှိရေးစီမံကိန်း၊ ဆိပ်ကမ်းငယ် အစရှိသည့် ကနဦးစီမံကိန်း ၉ ခုရှိသည်။

အထက်ပါ ကနဦးစီမံကိန်းများအနက် အထက်ပါ နှစ်လမ်းသွားကားလမ်းအဆင့်မြင့်တင်ရန်အတွက် ယခင်အစိုးရလက်ထက်က ထိုင်းနိုင်ငံမှချေးငွေရယူရန် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆွေးနွေးထားသည်။

ထိုချေးငွေကို ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖွံ့ဖြိုးရေးအေဂျင်စီ(NEDA) ထံ ရယူမည်ဖြစ်ပြီး မြန်မာအစိုးရ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။

လက်ရှိ တပ်ကောင်စီ လက်ထက်တွင် အဆိုပါ နှစ်လမ်းသွားကားလမ်းအဆင့်မြင့်တင်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်က ဆိုသည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံပါဝင်နိုင်ရေးကို ပြန်လည်အကြောင်းပြန်ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင်အစိုးရလက်ထက်က နှစ်လမ်းသွားကားလမ်းအဆင့်မြင့်တင်ရေးစီမံကိန်းအတွက် ထိုင်းနိုင်ငံမှ ရယူမည့်ချေးငွေကိစ္စမှာ နှစ်နိုင်ငံလက်မှတ်ထိုးရမည့်အဆင့် ကျန်ရှိနေသေးသည်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းများကြောင့် ချေးငွေရယူမည့် အစီအစဉ်အပါအဝင် ဂျပန်နိုင်ငံ ပါဝင်ရေးမှာ ကန့်သတ်ချက်များစွာရှိနေကြောင်း အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

“လုပ်ရကိုင်ခက်မယ်လို့ ထင်တယ်ပေါ့နော်။ ဘာကြောင့်ဆို အခုနိုင်ငံရေး အခြေအနေက တော်တော်လေး ခက်ခဲကြမ်းတမ်း နေတဲ့ အနေအထားလို့ မြင်တယ်။ ဘယ်လိုပဲ လုပ်ချင်လုပ်ချင် ကိုယ်တစ်ယောက်တည်း လုပ်လို့မှမရတာ အချို့အရာတွေကလေ” ဟု ၎င်းက ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည့် ယင်းလမ်းပိုင်းကို ၂၀၁၀ ခုနှစ်တွင် အီတာလျံ-ထိုင်းကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် ဒေသခံများ၏ ဥယျာဉ်ခြံမြေ၊ နေအိမ်များသိမ်းဆည်းရမည်ဖြစ်ရာ လျော်ကြေးငွေနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်အထိ မပြီးပြတ်သေးပေ။