အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ်နဲ့ ကျော်ဖြတ်ပါ

0
483

မျှဝေခံစားလိုစိတ်ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့် တစ်ခုပါ။ တစ်ဖက်သားကို နားလည် ပေးတယ်၊ သဘောပေါက်ပေးတယ်၊ လက်ခံပေးတယ်ဆိုတဲ့ ကိစ္စဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား။

အခြေခံအားဖြင့် ဒီကနေ့ခေတ်မှာ လူတိုင်းဟာ သတင်းကို စားသုံးကြတယ်။ သတင်းဆိုတာမျိုးကလည်း သတင်း ဌာနကတွေက ပြောဆိုတာတွေကို ချည်းဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့် ပတ်ဝန်းကျင် ကိုယ့်အသိုင်းအဝိုင်း ကိုယ့်အနီးအနားက အဖြစ်အပျက်တိုင်း က သတင်းလို့ဆိုပါတယ်။

ဒီလို သတင်းကို စားသုံးကြတဲ့ လူသားတွေဟာ ပတ်ဝန်းကျင်က ကြားရမြင်ရသမျှ သတင်းတွေ၊ အဖြစ်အပျက် တွေကြောင့်ပဲ စိတ်ပျော်ရွှင်မှု၊ ဝမ်းသာ၊ ဝမ်းနည်း၊ ဒေါသထွက်တာတွေနဲ့ စိတ်ဖိစီးမှုကို အမျိုးမျိုးအဖုံဖုံခံစားကြရပါတယ်။

ဒါက လူ့သဘောပါပဲ။ စစ်ဖြစ်၊ ဆန္ဒပြ၊ ဗုံးကွဲ၊ ကိုဗစ်ကပ်ဘေးစတဲ့ ဖြစ်ပျက်လာသမျှ အဖြစ်အပျက်တွေ တိုင်းကြောင့် လူတိုင်းစိတ်ခံစားမှု တစ်စုံ တစ်ရာတော့ ကြုံဆုံခံစားကြရတာပါပဲ။ ဒီလို ခံစားချက်တွေကြောင့် စိတ်ဓာတ် ကျတာတွေ၊ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်း စိတ်ပျက်ရတာတွေကို မဖြစ်မနေ ကြုံဆုံရမှာပါ။

ခုလိုမျိုး Shocking Events တွေ ကို ရင်ဆိုင်လာရပြီဆိုရင် မျှဝေခံစား လိုစိတ်နဲ့ ကျော်ဖြတ်နိုင်တယ်လို့ စိတ်ပညာရှင်တွေကဆိုကြပါတယ်။ ဘယ်လိုများ မျှဝေခံစားပြီး ကျော်ဖြတ်ကြမှာ ပါလဲ။

အခက်အခဲများကို မျှဝေခံစား လိုစိတ်ဖြင့် ကျော်ဖြတ်ခြင်း
မျှဝေခံစားလိုစိတ် ရှိခြင်းဟာ လူ တစ်ဦးချင်းစီမှာ ရှိတတ်တဲ့ အမူအကျင့် ကောင်းတစ်ခုပါ။ ထိလွယ်ရှလွယ် စိတ်ခံစားချက်တွေကို မျှဝေနားထောင်ပေးမယ့်သူရှိရင် တစ်ဖက်သား စိတ်သက်သာ ရာရသွားတာမျိုးပေါ့။ တစ်ဖက်လူ ခံစားနေရတဲ့အခြေအနေကို နားထောင်ပေး၊ ဂရုစိုက်ပေး၊ နားလည်ပေးတဲ့ အခြေအနေ တစ်မျိုးလို့ ဆိုရမှာပေါ့။

မျှဝေခံစားတတ်သူတွေဟာ တစ်ဖက်သားရဲ့ အမြင်နဲ့ ခံစားချက်ကို နားလည် သဘောပေါက် လွယ်ကြတယ်။ ဒီလို မျှဝေခံစားနိုင်တာဟာ တစ်ခါတစ်ရံမှာတော့ နားလည်မှုလွဲမှားတာနဲ့ အလွန်အမင်း အိုဗာဖြစ်တာမျိုးတွေလို့ ရှုမြင် ခံရတတ်ပါသေးတယ်။ ကိုယ့်မိတ်ဆွေ၊ မိသားစုဝင်ထဲမှာ ဒီလို မျှဝေခံစားပေး တတ်သူ ရှိတယ်ဆိုရင် သင်ဟာ ကံထူး သူပါပဲ။

လူတွေရဲ့ ၅၆% က သတင်းတွေနဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဖိစီးမှု ခံစားရတတ်ပါတယ်။ သတင်းဆိုးတွေ၊ အဖြစ်အပျက်ဆိုးတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ လူတွေရဲ့ အာရုံကြောကို အပြင်းအထန် လှုံ့ဆော်တတ်ပြီး စိတ်ခံစားမှုကို လွန်ကဲစေမှာပါ။ ဒီအခြေအနေကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ မျှဝေ ခံစားတာလို့ အမေရိကန်စိတ်ပညာ အသင်းက ဆိုပါတယ်။

စိတ်ပညာရှင်တွေရဲ့ အဆိုအရတော့ လူတစ်ဖက်သားကို မျှဝေခံစားပေး ခြင်းဟာ ကူးစက်လွယ်တဲ့ အပြုအမူဖြစ် ပြီးတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မျှဝေခံစားလိုစိတ် ဖြစ်ပေါ်လာစေမှာမို့ နှစ်ဦးလုံးအတွက် အကျိုးပြုတဲ့ ကိစ္စဖြစ် တယ်လို့ ဆိုပါတယ်။ သူ့အခက်အခဲ ကိုယ့်အခက်အခဲ အပြန်အလှန်ကူညီ နိုင်တာပေါ့။

တဖက်သားရဲ့ အခြေအနေကို နားထောင်ပေး၊ လက်ခံပေးပြီး အားပေးခြင်းအားဖြင့် စိတ်ဒဏ်ရာရနေသူ၊ စိတ်ထိခိုက်နေသူကို ပိုမိုသက်သာ လျော့ပါးစေမှာဖြစ်သလို ကိုယ်တိုင်ရင်ဆိုင် နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရှာမှာလည်း ပိုပြီး နားလည်သဘောပေါက်လွယ်သူဖြစ်လာစေမှာပါ။

မျှဝေခံစားမှုရဲ့သဘောက အပြန်အလှန်ကူးစက်လွယ်တယ်လို့ အထက်မှာဆိုထားသလိုပဲ အပြန်အလှန်ဖေးမမှု၊ မျှဝေခံစားပေးမှုတွေလည်း ဖြစ်လာစေ မှာမို့ နှစ်ဦးနှစ်ဝအကျိုးရှိစေတဲ့ လုပ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အခက်ခဲဆုံးအချိန်တွေကို ရင်းနှီးကျွမ်း ဝင်ရသူတွေ၊ မိသားစုတွေနဲ့ မျှဝေပြီး စိတ်ပင်ပန်းမှုတွေကို လျှော့ချသင့် ကြောင်း မကြာခဏတိုက်တွန်းနေရ တာပေါ့။

ဒါတွေကိုလည်း မမေ့ပါနဲ့
သတင်းဆိုးတွေ အဖြစ်အပျက်ဆိုး တွေကို ရင်ဆိုင်ရာမှာ တစ်ဖက်သားကို ရင်ဖွင့်ပြီး မျှဝေခံစားစေရုံနဲ့ မပြီးသေးပါဘူး။ တခြားသော နည်းလမ်းလေးတွေ ကိုလည်း သိနားလည်ထားဖို့ လိုအပ်ပါတယ်။

ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ရင်ဆိုင်နေရပြီဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပြီးတော့ လည်း ကိုယ့်ရဲ့ စိတ်ပင်ပန်းနေမှုတွေကို လျော့ပါးသက်သာအောင်လုပ်ဆောင် နိုင်သေးတာကြောင့်ပါ။

ဒါတွေကတော့
သတင်းဆိုးတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ပါ။
ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လျှော့ချပါ။
သင်နဲ့ သင့်မိသားစုဝင်တွေအကြား မှာ စည်းခြားထားပါ။
Surprise အဖြစ်အပျက်တွေကို တတ်နိုင်သမျှ ရှောင်ရှားပါ။
အသက်ရှူလေ့ကျင့်ခန်းလိုမျိုး စိတ်ခံစားချက်ကို ထိမ်းချုပ်နိုင်မယ့် လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပါ။
တစ်ဖက်သားကို ကူညီပါ။
တခြားအရာတွေဆီကို အာရုံလွှဲ ပါ၊ စတဲ့အချက်တွေပါပဲ။

hellosayarwon.com facebook page မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။