၂၀၂၀ တုန်းက ကိုဗစ်ကြောင့် မလွတ်မလပ်ဖြစ်ခဲ့တာတွေဟာ နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရမယ်ဆိုတဲ့ သတင်းနဲ့ ကိုဗစ်လူနာလျော့ကျလာတဲ့ သတင်းတွေကြောင့် အနည်းငယ်စိတ်သက်သာသွားရုံရှိသေးတယ်။ ၂၀၂၁ အစမှာပဲ မမျှော်လင့်တဲ့ အဖြစ်အပျက်ဆိုးက ရုတ်တရက် မုန်တိုင်းဝင်မွှေလိုက်သလို ပါပဲ။ ထိတ်လန့်စိုးရိမ်ရတာတွေ၊ နာကျင်ကြေကွဲရတာတွေအပြင် လူထုရဲ့ မယုံနိုင်စရာ စည်းလုံးညီညွတ်မှုတွေက တကယ် ကို တအံ့တသြဖြစ်စေခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဝမ်းနည်း ကြေကွဲရသလို ကိုယ်အထင်ကြီးလေးစား ခဲ့ရတဲ့ တချို့သော နိုင်ငံရေးသမား၊ စာရေးဆရာ၊ တတ်သိပညာရှင်တွေရဲ့ ဖောက်လွဲဖောက်ပြန် လုပ်ရပ်တွေကြောင့် ယူကျုံးမရ နှမြောတသ ဖြစ်ရပါတယ်။ အမှန်တရားရဲ့ ဘက်တော်သား ပြည်သူတွေအတွက် အားတက်ဂုဏ်ယူရသလို အရင်ကလို ပြန်ဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ကွက်ကျား ပေါ်လာတတ်ပြန်တယ်။

တစ်ချိန်လုံး ခံစားချက်ပေါင်း များစွာနဲ့ လှုပ်ရှားရုန်းကန်နေတဲ့စိတ် ကြောင့် စာရေးဖို့ အာရုံမစုစည်းနိုင်တော့ ပဲ ကွန်ပျူတာကို ထုတ်လိုက်သိမ်းလိုက် လုပ်နေခဲ့တာ ရက်ပေါင်းများစွာ ရှိနေပြီ။ ကိုယ်ချစ်မြတ်နိုးတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတွေအကြောင်း ရေးဖွဲ့ ဖို့ ဒီအချိန်မှာ ဘယ်လိုမှ စိတ်ညွှတ်လို့ မရတော့။ ဒါပေမယ့် မနေ့က ကြည့်လိုက် ရတဲ့ ဗီဒီယိုကလစ်တစ်ခုကြောင့် ဒီစာကို ရေးဖို့ အားယူဖြစ်ပါတယ်။

ဗွီဒီယိုကလစ်က ကျွန်မယုံကြည် လေးစားရတဲ့ နိုင်ငံရေးသမားတစ်ယောက် သူ့သားကို အင်္ဂလိပ်စကားနဲ့ စကြဝဠာ ကြီးအကြောင်း ရှင်းပြနေတဲ့ ဗီဒီယိုလေးပါ။ ကလေးလေးဟာ အဲဒီလို ဉာဏ် ပညာ ကြီးမားတဲ့ မိဘဆီမှာ လူဖြစ်ခွင့် ရတဲ့အတွက် ကံကောင်းလိုက်တာလို့ ပီတိဖြစ်မိတဲ့ တစ်ပြိုင်နက် တစ်ခြား ကလေးတွေအတွက်ရောလို့ တွေးမိပါ တယ်။ ပညာမတတ်တဲ့ မိဘတွေဟာ ကိုယ့်သားသမီး ပညာတတ်ဖို့အတွက် စာသင်ကျောင်းကိုပဲ အဓိက အားကိုးရ ပါတယ်။ စာသင်ကျောင်းမှာ သင်ရတဲ့ စနစ်တွေကရော။ အသိဉာဏ် အတွေးအခေါ်တွေ၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ မြင့်မားတိုးတက်အောင် လေ့ကျင့်ပေးတဲ့ နေရာ ဖြစ်ပါရဲ့လား။

သေချာတာကတော့ တကယ်လို့ အုပ်ချုပ်ရေးစနစ်ဟာ ခေတ်နောက်ပြန် သွားခဲ့မယ်ဆိုရင် ပညာရေးဟာလည်း စနစ်တကျ ဖျက်ဆီးခြင်းခံလိုက်ရတဲ့ တစ်ချိန်တုန်းက My father name is U Ba. (ကျွန်မအဖေနာမည် ဦးဘ) ပညာရေး စနစ်ကို ပြန်ရောက်သွားမှာပါပဲ။ ကျွန်မတို့ အလယ်တန်းတုန်းက အင်္ဂလိပ်စာ သင်တဲ့အခါ ကျွန်မအဖေနာမည် ဦးဘ လို့ တစ်တန်းလုံး အလွတ်ကျက်ရတာမို့ ကျွန်မတို့က ဟာသအဖြစ် ကျွန်မအဖေ နာမည် ဦးဘ ပညာရေးစနစ်လို့ သူငယ်ချင်း တွေကြား ပြောကြပါတယ်။ အဲဒီလို ဘာမှန်းညာမှန်းမသိ နှုတ်တိုက်ရွတ်ခဲ့ ရတဲ့ ပညာရေးစနစ် ဖျက်ဆီးခဲ့သူတွေဟာ လူတွေကို အသိဉာဏ်တုံးသွားအောင် အကြောက်တရားတွေနဲ့ အုပ်ချုပ်ခဲ့တဲ့ သူတွေပဲ ဖြစ်ပါတယ်။

အာဏာတည်မြဲဖို့ တစ်ခုတည်းကို ပဲ ကြည့်တဲ့သူတွေဟာ သူ့အာဏာ တည်မြဲရေးအတွက် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူတွေ၊ တွေးခေါ်မြော်မြင်တတ်သူတွေက သူတို့ရဲ့ ရန်သူပါပဲ။ လူတွေဟာ ဉာဏ်ပညာနည်းလေလေ အကြောက်တရား က လွှမ်းမိုးသွားလေလေပဲ မဟုတ်လား။ ဉာဏ်ပညာနည်းပါးပြီး အကြောက် တရားတွေနဲ့ သေနေတဲ့ဘဝတွေ များလာ လေလေ အာဏာရှင်တွေက ကြိုက်လေ လေပါပဲ။ ဒါ့ကြောင့်လည်း ဝေဖန်ပိုင်း ခြားခွင့်၊ တွေးခေါ်မြော်မြင်ခွင့် မပေးတဲ့ ကြက်တူရွေးနှုတ်တိုက် ပညာရေးမျိုးဖြစ်အောင် ပညာရေးစနစ်ကို ဖျက်ဆီးလိုက် ကြတော့တယ်။

လူ့အသိုင်းအဝိုင်းတစ်ခု ကောင်းမွန် တဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ဖို့အတွက် ပညာရေးဟာ အရေးကြီးဆုံး အခန်းကဏ္ဍက ပါဝင်တယ်ဆိုတာကို ကျွန်မက ယုံကြည်ထားသူတစ်ယောက်ပါ။ ပညာရေးကို ယုံကြည်တဲ့ ကျွန်မက ပျက်စီးယိုယွင်း နေတဲ့ ပညာရေးစနစ်အောက်မှာ ပညာသင်ရင်း ကြီးပြင်းလာခဲ့ရသူပါ။ လူတစ်ယောက် ဒါမှမဟုတ် လူမျိုးတစ်မျိုးကို ပျက်သုဉ်းပျက်စီးစေချင်တယ်ဆိုရင် အလွယ်ဆုံးနည်းလမ်းကတော့ ပညာ သင်ကြားခွင့်မရအောင် လုပ်လိုက်ရုံပါပဲ ဆိုတဲ့စကားက သိပ်မှန်ပါတယ်။ ဒီထက် ပိုမှန်တာက ပညာရေးစနစ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာပါပဲ။

အကြောက်တရားကလွဲပြီး ဝေဖန် ပိုင်းခြားနိုင်တဲ့ဉာဏ် မရှိအောင်၊ စဉ်းစား တွေးခေါ်နိုင်စွမ်းမရှိအောင် ကြက်တူရွေး နှုတ်တိုက် ပညာရေးစနစ်မှာ ကျွန်မတို့ဟာ ကျောင်းဆိုတဲ့ လှောင်အိမ်ထဲ အသွင်းခံလိုက်ရတဲ့ မျိုးဆက်ပါ။ ၁၉၈၀ အလွန်မှာ မွေးဖွားလာသူမို့ (Generation Y) ဝိုင်မျိုးဆက်မှာ ပါဝင်ပေမယ့် အကြောက်တရားနဲ့တွဲလျက် ပညာသင် ကြားခဲ့ရသလို ကြက်ဆူပင်စိုက်တာ၊ မာလ်တီမီဒီယာအမည်ခံ အယောင်ဆောင် ခေတ်မီပညာရေးကို ဖြတ်သန်းခဲ့ရပါတယ်။

ကလေးတွေကို ပညာသင်ကြား ပေးတယ်ဆိုတဲ့နေရာမှာ စက်မှုလက်မှု ခေတ်မီနည်းပညာတွေအပြင် အကျင့် စာရိတ္တကောင်းမွန်အောင်၊ ကိုယ်ချင်း စာတရားရှိအောင်၊ ရိုးသားဖြောင့်မတ်အောင် စတဲ့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာကို သင်ပြပေးဖို့လည်း အရေးကြီးလှပါတယ်။

ဂျပန်နိုင်ငံက ကလေးတစ်ယောက် ရဲ့ ဇာတ်လမ်းကတော့ သူဗိုက်ဆာနေတဲ့ အချိန်မှာ စားဖို့အတွက် သူ့လက်ထဲက ပေါင်မုန့်တစ်လုံးကို သူတစ်ယောက်ထဲ မစားဘဲ လမ်းမှာတွေ့တဲ့ ကလေးတစ်ယောက်ကို တစ်ဝက်ခွဲကျွေးလိုက်ပါ သတဲ့။ ကျောင်းမှာ သူ့ဆရာမက သူတစ်ပါးကို မျှဝေတဲ့အကြောင်းတွေ၊ သနား ကြင်နာစိတ်ဖြစ်ပေါ်လာအောင် ပုံပြင် ဇာတ်လမ်းတွေနဲ့ ပြောပြထားတဲ့ အကျိုးကျေးဇူးကြောင့် အခုလိုကူညီတတ်တဲ့ စိတ်ဓာတ်ရှိတဲ့ကလေးတွေ ဖြစ်လာတယ်လို့ ဇာတ်လမ်းကို အဆုံးသတ်ထား ပါတယ်။
ဖင်လန်နိုင်ငံရဲ့ ပညာရေးအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် တစ်ပုဒ်မှာတော့ မူလတန်းပြကျောင်း ဆရာမတစ်ဦးရဲ့ အင်တာဗျူးလေးက ဖင်လန်နိုင်ငံရဲ့ ပညာရေးအခြေအနေကို ဖော်ပြလျက်ရှိပါတယ်။

“ကျောင်းသားတွေသူတို့ ကိုယ်တိုင် စဉ်းစားတတ်စေဖို့နဲ့ သူတို့သင်ယူနေတဲ့ အရာတွေကို ဝေဖန်ဆန်းစစ်တတ် လာဖို့ ကျွန်မတို့ ကြိုးစားသင်ပေးတယ်” လို့ အဲဒီဆရာမက ပြောတယ်။ တကယ်လည်း ဖင်လန်နိုင်ငံဟာ ကမ္ဘာမှာ ပညာ ရေးစနစ်ကောင်းမွန်တဲ့နေရာမှာထိပ်ဆုံးအဆင့်မှာ ပါဝင်ပါတယ်။ ဖင်လန်နိုင်ငံ ထဲမှာရှိတဲ့ ကျောင်းအားလုံးဟာ အတူတူ ပဲဖြစ်ပြီး ဘယ်ကျောင်းကမှ ထူးခြားပြီး ပိုကောင်းမနေသလို ဘယ်ကျောင်းကမှ လည်း ညံ့ဖျင်းတဲ့သင်ကြားနည်းတွေ မရှိပါဘူးလို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။

ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လို့ လူကြီးတွေက တဖွဖွ ပြောကြပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက် မှန်ကန်ကောင်းမွန်တဲ့ ပညာရေးစနစ် ရှိမှသာ ကလေးတွေဟာ လူကြီးဖြစ်လို့ တိုင်းပြည်တာဝန် ထမ်းဆောင်ရတဲ့အခါ မိမိပတ်ဝန်းကျင်၊ ရပ်ရွာ၊ မြို့ပြ၊ တိုင်းပြည် ကောင်းကျိုးကို သယ်ပိုးထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

လူမျိုးပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ နေထိုင်ကြတဲ့ ကျွန်မတို့နိုင်ငံမှာ မိမိတို့ လူမျိုး ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ မိမိတို့လူမျိုး အဓွန့်ရှည်တည်တံ့စေချင်တယ်၊ ကောင်းမွန်တဲ့ အမှတ်အသား သမိုင်းကြောင်းတွေ ချန်ထားခဲ့ချင်တယ် ဆိုရင် ကိုယ့်လူမျိုး ပညာတတ်ဖြစ်အောင် ပံ့ပိုးပေးခြင်းကသာ အမှန်ကန်ဆုံး လူမျိုး အကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးခြင်း ဖြစ်ပါတယ်။ အမျိုးသားရေး လက္ခဏာပြသခွင့်ရတဲ့ အခမ်းအနား၊ ပွဲလမ်းသဘင်တွေ လုပ်ရရုံနဲ့ လူမျိုး အကျိုးကို အကောင်းမွန်ဆုံး သယ်ပိုး တယ်လို့ ပြောလို့မရပါဘူး။

ပညာသင်ကြားရေးဟာ တစ်ဦး တစ်ယောက်ကောင်းနဲ့ လုပ်လို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ ကောင်းမွန် ပြည့်စုံစွာ လည်ပတ်နေတဲ့ ပညာရေးစနစ်မျိုး ရှိမှသာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေး အဆင့်အတန်း မြင့်မားလာမှာ ဖြစ်ပါတယ်။ ပညာရေး စနစ် ကောင်းမွန်အောင် အကောင်အထည် ဖော်ကြရမယ့် အုပ်ချုပ်သူ လူတန်းစား ဟာ ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့အတူ ရိုးဖြောင့်မှန်ကန်တဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အခြေခံ အုတ်မြစ်ရှိဖို့ သိပ်ကို အရေးကြီးပါတယ်။

အခုလက်ရှိအချိန်မှာ မိမိကိုယ်ကို တိုင်းပြည်အုပ်ချုပ်သူတွေပါလို့ ခံယူထား ကြသူတွေဟာ ပြည်သူတွေ လက်မခံလို့ ညတိုင်း သံပုံးတီးပြီး ဆန္ဒပြတာကို သံထည်လုပ်ငန်းမှ ထွက်တဲ့အသံပါလို့ တိုင်းကျော်ပြည်ကြား လိမ်လည်ဝံ့တဲ့ သူတွေမို့ ကောင်းမွန်တဲ့ ပညာရေး စနစ်ကို အကောင်အထည်ဖော်ပေး လိမ့်မယ်ဆိုတာ သံသယရှိစရာပါပဲ။ အာဏာထိုင်ခုံ တည်မြဲဖို့အတွက် အကြောက်တရားတွေနဲ့ ဖိနှိပ်ထားတဲ့ ကြက်တူရွေးနှုတ်တိုက် ပညာရေးစနစ်မျိုးကိုပဲ သူတို့ ပြန်လည်အသက်သွင်းကြမှာပါ။

ဒါ့ကြောင့်လည်း ပညာရေးဝန်ထမ်းတွေဟာ အဲဒီလို ကလေးတွေရဲ့ အနာဂတ် အမှောင်တိုက်ထဲ ပြန်ရောက်သွားမယ့် ပညာရေးစနစ်မျိုးနဲ့ မသင်ကြားချင်တော့ လို့ သူတို့ CDM လုပ်ပြီး ဆန္ဒပြနေကြတာလို့ ကျွန်မရဲ့သူငယ်ချင်း ဆရာမတွေ က ပြောကြပါတယ်။

“ငါ CDM လုပ်တဲ့ ခံယူချက်က နောင်လာမယ့် ငါတို့မျိုးဆက်ကလေး တွေဟာ ငါတို့ကလေးဘဝတုန်းကလိုမျိုး ဟိုလူကို ကြောက်ရ၊ ဒီလူကို ကြောက်ရ၊ မှားနေမှန်း သိသိကြီးနဲ့ ပြန်မပြောရဲ၊ မထောက်ပြရဲတာမျိုး ဖြစ်မှာကို မလိုချင်လို့ပါ” တဲ့။ သူ့ရဲ့ ရိုးရှင်းတဲ့ စကားလုံးတွေနောက်ကွယ်က အနာဂတ်မျိုးဆက်တွေအတွက် ကြီးမားတဲ့ သူ့စေတနာကို လှစ်ကနဲ တွေ့လိုက် ရပါတယ်။ သူ့လိုမျိုး တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ ဆရာမတွေအားလုံး ကိုယ့် ကလေး၊ ကိုယ့်အနာဂတ်မျိုးဆက်အတွက် အမြော်အမြင်ရှိတဲ့ လုပ်ဆောင် ချက်မျိုး လုပ်နိုင်ခဲ့ရင် ကျွန်မတို့ မျှော်မှန်းတဲ့ ရွှေရောင်အနာဂတ်ကို ပိုင်ဆိုင် ဖို့ ရောင်နီသန်းလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုယ့်ဘဝထက် ကိုယ့်အနာဂတ် မျိုးဆက်အတွက် တိုက်ပွဲဝင်နေကြတဲ့ နယ်ပယ်အသီးသီးက နိုင်ငံ့သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုရင်း အိန္ဒိယ နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ရွတ်ဆိုနေမိပါတော့တယ်။

“ငါတို့တွေရဲ့ အနာဂတ်ဟာ ငါတို့ အခုလက်ရှိ လုပ်နေတဲ့ အရာပေါ်မှာ မူတည် နေတယ်” ဆိုတဲ့ အိန္ဒိယရဲ့ ဖခင်ကြီးသြဝါဒကို ထပ်ခါတလဲလဲ ရွတ်ဆိုရင်း ရောင်ခြည်ဦးသန်းလာ မယ့်အချိန်ကို စောင့်ကြိုနေမိပါတော့တယ်။ ။

သာလိကာ (အဖွားမြေး)