ထားဝယ်ပစ်ခတ်မှု အနည်းဆုံး သုံးဦးသေ၊ လူဆယ်ချီ ဒဏ်ရာရ

0
173
Dawei Watch, Dawei News, Dawei News Media

ဖေဖော်ဝါရီလ ၂၈ ရက်မှာ ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး သုံးဦးထက် မနည်းသေဆုံး ခဲ့ပါတယ်။ နေရာအများအပြားမှာ ပစ်ခတ်မှု ဖြစ်တာပါ။ လူ ၆၀ ကျော် ဆေးကုသခံနေရပါတယ်။

ဈေးတောင်ဘက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ လူတစ်ဦး ကျည်ဆံထိပြီး လဲကျနေတာကို ရဲတပ်ဖွဲ့က ချီမသယ်ဆောင်သွားတယ်လို့ ဒက္ခိဏ သတင်းမှာ ရေးထားပါတယ်။ အဲဒီ ဒဏ်ရာရသူ ရဲစခန်းအချုပ်မှာ သေဆုံးနေကြောင်း သတင်းဖော်ပြထားပါ။

တကယ်လို့ အဲဒီ သတင်းသာ အတည်ပြုနိုင်ရန် ထားဝယ်သပိတ် မှာ သေဆုံးသူ လေးဦး ဖြစ်မှာပါ။

ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်ရောက်နေတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အလယ်ကနေပိုင်းပြီး လမ်းဆုံကြီးနားကနေ သေနတ်တွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ စတင်ဖြိုခွဲပါတယ်။ မျက်စိရှေ့မှာတင် ဒဏ် ရာရသွားတဲ့သုံးဦးလောက်ရှိပါတယ်။

အဲဒီသုံးဦးထဲမှာ လောင်းလုံးမြို့နယ်က ကျန်းမာရေး ဝန်ထမ်း တစ်ဦးလည်းပါပါတယ်။ ဒဏ်ရာရတဲ့သူတွေကို လူနာတင်ကားတွေနဲ့ တင်ဆောင်သွားတာကိုတွေ့ ရပါတယ်။

ဗိုလ်ချုပ်လမ်းမထက်မှာ သွေးကွက်တွေ၊ ပိုင်ရှင်မဲ့ဖိနပ်တွေ နေရာတော်တော်များများမှာရှိနေတာ ကို တွေ့ရပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ နောက်တစ်နေရာကတော့ ဥတ္တံတားကြီးလမ်းဆုံမှာဖြစ်ပါတယ်။ မျက်ရည်ယို ဗုံးကြောင့် ဆန္ဒပြသူလူအချို့ မူးတာ၊ မျက်ရည်ယိုတာ၊ မျက်စိပူစပ်ပူလောင်တာ၊ အန်ခြင်းတွေ ဖြစ်ပေါ်နေ တာကိုတွေ့ရပါတယ်။ ရေကားကိုလည်း အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့တွေပြန်သွားတော့ လူတွေဆက်ပြီး ဆန္ဒပြကြပါတယ်။ အဲဒီအချိန်ထားဝယ်မြို့မရဲစခန်းအရှေ့မှာ ရဲတပ်ဖွဲ့က ဒိုင်းတွေကာပြီး နေရာယူပြီး သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ရော်ဘာကျည်တွေနဲ့ ပစ်သလို ကျည်အစစ်တွေ နဲ့လည်း အသုံးပြုပါတယ်။ မိနစ်ပိုင်းထဲ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ခြေထောက်မှာ ကျည်အစစ်ထိမှန်သွားခဲ့ပါတယ်။

စုစုပေါင်း အဖမ်းခံထားရတဲ့သူတွေ ၁၈ ဦး လောက်ရှိတယ်လို့ ဆန္ဒပြသူတွေ ခန့်မှန်းပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိပါတယ်။