သွေးနဲ့မျက်ရည် အပြိုင်

0
456
သွေးနဲ့မျက်ရည် အပြိုင်

ထားဝယ်ပြည်သူ့ဆေးရုံရဲ့ လူသေအလောင်း တွေထားတဲ့ ရင်ခွဲဌာနရှေ့မှာ အမျိုးသမီးနှစ်ဦး ယူကြုံးမရ ငိုကြွေးနေပါတယ်။

သူတို့နှစ်ဦးကတော့ ဖေဖော်aဝါရီလ ၂၈ ရက် ထားဝယ်မြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေနတ် မှန်သေဆုံးသွားတဲ့ ကိုလွင်လွင်ဦးရဲ့ ဇနီးဖြစ်သူနဲ့ ညီမဖြစ်သူတို့ပဲ ဖြစ်ပါတယ်။ ကိုလွင်လွင်ဦးရဲ့ အလောင်းကတော့ ရင်ခွဲရုံထဲမှာပါ။ ကိုလွင်လွင်ဦး ဟာ ဥတ္တံတားကြီး လမ်းဆုံမှာ ဆန္ဒပြရင်း ရင်ညွန့် အပစ်ခံရတာပါ။ ဆန္ဒပြစစ်ကြောင်းရှေ့မှာ ကာထားတဲ့ သံပြားကို ဖောက်ဝင်ပြီး ကျည်ထိတာပါ။

“ဆေးရုံမှာ အစ်ကို..အစ်ကို … သေသွားပြီ” လို့ ကိုလွင်လွင်ဦးရဲ့ညီမဖြစ်သူက တစ်ယောက် ယောက်ကို ဖုန်းနဲ့ပြောဆိုရင်း ဝမ်းနည်းလာလို့ ငိုချ လိုက်ပါတယ်။

နောက်တစ်ဦးကတော့ ကိုလွင်လွင်ဦးရဲ့ ဇနီး ဖြစ်ပါတယ်။ သူရဲ့မျက်လုံးတွေက ငိုထားရလွန်းလို့ နီရဲနေပါတယ်။ ဘေးကနေပြီး တစ်ယောက်ယောက်က ယပ်ခပ်ပေးနေတာကိုလည်းတွေ့ရပါတယ်။

သူဟာ ဆန္ဒပြပွဲကနေ ရင်ခွဲရုံကိုရောက်လာ တယ်ဆိုတာ သူဝတ်ထားတဲ့ အဝတ်အစားတွေက သက်သေခံနေပါတယ်။ အဖြူရောင်တီရှပ်လက်ရှည် မှာ လက်သုံးချောင်း သင်္ကေတ တံဆိပ်ရိုက်နှိပ်ထားတဲ့ အင်္ကျီကိုဝတ်ဆင်ထားတာဖြစ်ပါတယ်။ သူဟာ ထားဝယ်အင်ဂျင်နီယာစစ်ကြောင်းမှာ ပါဝင်ဆန္ဒပြ နေတဲ့သူတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။

“ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ သေချာ မသိရဘူး။ ပြောသံကြားတာကတော့ ဥတ္တံတား လမ်းဆုံမှာ အပစ်ခံလိုက်ရတယ်လို့ သိရတယ်” လို့ ရင်ခွဲရုံကိုရောက်နေတဲ့ သေဆုံးသူ ကိုလွင်လွင်ဦးရဲ့ ဖခင်ကဆိုပါတယ်။

ကိုလွင်လွင်ဦးဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီး ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်သားပါ။
ထားဝယ်ဆေးရုံရဲ့ အရေးပေါ်ဌာန လူနာတင် ကုတင်ထက်မှာလည်း အမျိုးသမီးတစ်ဦး လူးလိမ့်ငို ကြွေးနေတာကို တွေ့ရပါတယ်။ ဘေးမှာတော့ ဆွေမျိူးတွေက သူမကိုဖြောင်းဖြဖို့ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဖြောင်းဖြသူတွေ ကိုယ်တိုင်ရဲ့ မျက်လုံးအိမ်ထဲမှာလည်း မျက်ရည်စတွေ နဲ့ပါ။

အဲဒီအမျိုးသမီးလည်း ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရလို့ သေနတ်ထိမှန်သေဆုံးသွားတဲ့ သူ့ အမျိုးသားကြောင့် ကြေးကွဲစွာ လူလိမ့်ငိုးကြွေးနေ တာဖြစ်ပါတယ်။ သူ့အမျိုးသားကတော့ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာက ကိုဗညားအောင် ဖြစ်ပါတယ်။ သူဟာ လောင်းလုံးမြို့သားအခု ကျောက်ဆင်ရွာမှာ နေတာပါ။

ခန့်မှန်း အသက်လေးဆယ်ဝန်းကျင်လောက်ရှိတဲ့ ကိုဗညားအောင်ရဲ့ ဘယ်ဘက် ချိုင်းအောက်ကို ကျည်ဖောက်ဝင်သွားတာပါ။

ထားဝယ်ဆေးရုံဟာ လူသူကင်းမဲ့နေတာ တစ်လလောက်ရှိနေပါပြီ။ ရာဘာကျည်တွေ၊ ကျည် အစစ်တွေ၊ မီးခိုးဗုံးတွေနဲ့ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ ဒီနေ့မှ ဆေးရုံရဲ့ အရေးပေါ်ဌာနကို ပြန်ဖွင့်ခဲ့တာပါ။

“လူနာတွေရောက်နေတယ်ဆိုပြီး ဆေးရုံအုပ်ကြီးက ဖုန်းဆက်ခေါ်လို့ အရေးပေါ်ဌာနသော့ လာဖွင့်ပြီး ကုသပေးနေတာ” လို့ လူနာတွေကို ကုသပေးနေတဲ့ သူနာပြုဆရာမကြီးတစ်ဦးက ဆိုပါတယ်။

ထားဝယ်ဆေးရုံအရေးပေါ်ဌာနအပြင် အခြား လူနာဆောင်တစ်ခုကိုလည်း အရေးပေါ်ဖွင့်လှစ်ပြီး ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ အပြင်လူတွေကို ဂရုမစိုက်အားဘဲ ဒီနေ့ ဆန္ဒပြမှု မှာထိခိုက်တဲ့လူနာ တွေကို သဲကြီး၊ မဲကြီးကုသပေးနေကြပါတယ်။

“သွေးလိုနေတယ်၊ သွေးလှူမယ့်သူရှိရင် အထဲကို ဝင်လာပါ” ဆိုတဲ့အသံတစ်ခု အရေးပေါ်ဌာနထဲက ကြားလိုက်တဲ့အချိန်မှာ “ကျွန်တော်လှူမယ်” လို့ လူငယ်အမျိုးသားတစ်ဦး ထိုင်ရာမှထရပ်လိုက်ပါတယ်။

သူနဲ့အတူတူ သွေးလှူဖို့စောင့်နေကြတဲ့ လူငယ် တစ်ဆယ်လောက်ကိုလည်း တွေ့ရပါတယ်။ အချို့ တွေက သွေးလှူဖို့ဆိုင်ကယ်တွေနဲ့ ရောက်လာနေ ကြပါတယ်။

အချို့သွေးလှူရှင်တွေကိုတော့ ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်တဲ့ မယ်ဒီလန်းဆေးရုံကိုသွားလှူဖို့ ဂျူတီကုတ်ဝတ် ဆရာဝန်တစ်ဦးက ပြောဆိုတာကြောင့် လူငယ်အချို့ ကားပေါ်တက်ပြီး လိုက်သွား ကြပါတယ်။ အချို့က ဆိုင်ကယ်နဲ့ သုံးယောက် တစ်စီး မောင်းထွက်သွားကြပါတယ်။

“ဂရုစိုက်နော်၊ စိတ်ချနေမယ်” လို့ သွေးလှူဖို့ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ လူငယ်အမျိုးသမီးတစ် ယောက်ကို သူ့သူငယ်ချင်းတစ်ယောက်က အရေးပေါ်ဌာနထဲကနေ လှမ်းအော်လိုက်ပါတယ်။

ထားဝယ်ဆေးရုံရင်ခွဲရုံထဲမှာ လူသေအလောင်း နှစ်လောင်းရောက်နေပြီးတော့ ဆေးရုံအရေးပေါ်ဌာန မှာ အလုအယက်ဆေးကုနေချိန် ထားဝယ်မြို့ထဲမှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား တင်းမာနေကြဆဲ ဖြစ်ပါတယ်။

ဒဏ်ရာရသူအများစုဟာ မယ်ဒီလန်းဆေးရုံ မှာရှိနေကြပါတယ်။ မယ်ဒီလန်းဆေးရုံရဲ့ အနောက် ဘက်မြေကွက်လပ်တစ်ခုကို ယာယီအရေးပေါ်ဆေး ကုသတဲ့ နေရာအဖြစ် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။

အဲဒီမြေကွက်လပ်ရဲ့ ထောင့်တစ်နေရာမှာတော့ အသက်မဲ့ခန္ဒာကိုယ်တစ်ခု လဲလျောင်းနေပါတယ်။ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာက နော်ငို (ခ) ကိုဖေသန်းဆိုသူရဲ့အသက်မဲ့ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။

အဲဒီယာယီအရေးပေါ်ဆေးကုသတဲ့နေရာ အပြင်မှာ ဆေးရုံအဆောက်အအုံရဲ့ မြေညီထပ်ထဲမှာလည်း လူနာတွေ၊ မိသားစုဝင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ရှုပ်ရှက်ခပ် သွားလာနေပါတယ်။ အများစုဟာ ခါးအောက်ပိုင်း နေရာတွေမှာ ဒဏ်ရာ ရထားတာကို တွေ့ရပါတယ်။

အရေးပေါ်လူနာတွေကိုတော့ ဒုတိယအထပ်မှာ ကုသပေးနေပါတယ်။
“အရေးပေါ်လူနာကတော့ တစ်ဆယ်လောက် ရှိတယ်” လို့ အဲဒီဆေးရုံရဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး က ဆိုပါတယ်။ အချို့လူနာတွေကိုတော့ ရန်ကုန် မြို့မှာ ဆက်လက်ဆေးကုသခံယူရမယ့်အခြေအနေမှာ ရှိနေပါတယ်။

“ခါးထဲကိုကျည်ဝင်သွားတာတော့ ထုတ်ပြီးပါပြီ။ ရန်ကုန်မှာဆက်ကုရမယ်လို့တော့ပြောတယ်” လို့ အဲဒီဆေးရုံမှာ ကုသခံနေတဲ့ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာသားတစ်ဦးက ဆိုပါတယ်။

‌ညနေငါးနာရီအချိန် မယ်ဒီလန်းဆေးရုံကို နောက်တစ်ကြိမ်သွားကြည့်ရာမှာတော့ ယာယီ အရေးပေါ်ဌာနမှာ လူနာတွေ မတွေ့ရတော့ပါဘူး။ အချို့လူနာတွေကို အိမ်ပြန်ခေါ်သွားပြီး အချို့ကိုတော့ အတွင်းလူနာအနေနဲ့ ဆေးရုံထဲမှာ ကုသပေး နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ထားဝယ်ဆေးရုံကိုလည်း ညနေငါးနာရီလောက် မှာ နောက်တစ်ကြိမ်သွားကြည့်ခဲ့ပါတယ်။ လူနာ တွေမရှိတော့ပါဘူး။

ဆေးရုံရောက်နေတဲ့ အလောင်းသုံးလောင်းမှာလည်း အလောင်းတစ်လောင်းကိုသာခွဲစိတ်နိုင်ခဲ့ပြီး ကျန်နှစ်လောင်းကိုတော့ မိသားစုတွေက ပြန်လာ ယူသွားကြတယ်လို့ သူနာပြုဆရာမကြီးတစ်ဦးက ဆိုပါတယ်။

ထားဝယ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့သူတွေ ကိုလည်း ပုဂ္ဂလိကဆေးခန်းတွေကိုလွှဲပေးပြီးလို့ သူနာပြုဆရာမကြီးက ဆေးရုံတံခါးတွေ လိုက်ပိတ် နေပါတယ်။

“ညဂျူတီစောင့်ပြီး ကုသပေးလို့မရဘူးလေ” လို့ သူနာပြုဆရာမကြီးက ဆိုပါတယ်။