UEC တွေ့ဆုံပွဲတက်ခဲ့သည့် ထားဝယ်ပါတီဥက္ကဋ္ဌ ဦးအေးမင်းအား ပါတီမှထုတ်ပယ်

0
160
Dawei Watch, Dawei News, Dawei News Media

တပ်အစိုးရက ခန့်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ထားဝယ် တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းကို ပါတီ မှ ထုတ်ပယ်လိုက်သည်။

ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက် ခြင်းဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ က ဖေဖော်ဝါရီလ ၂၆ ရက်ညတွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့်တွေ့ဆုံပွဲကို ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ၎င်း၏ သဘော ဆန္ဒအရသွားတက်ခဲ့ကြောင်း ပါတီ၏ အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။

“ပါတီဥက္ကဋ္ဌအနေနဲ့ဒီလိုလုပ်တာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ အနည်းဆုံး ဗဟိုကော်မတီမဟုတ်ရင်တောင်မှ အတွင်းရေးမှူး အဖွဲ့ကို ပြောသင့်တယ်” ဟု ထားဝယ်တိုင်းရင်းသားများ ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်မင်းထိုက် က ပြောသည်။

ဦးအေးမင်း၏ လုပ်ရပ်သည် ပြည်သူလူထုဆန္ဒ နှင့် ဆန့်ကျင်နေကြောင်း ဦးကျော်မင်းထိုက်က ဆိုသည်။

တပ်က ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲကို ပါတီ ၅၃ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အစည်းအဝေးသွားတက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဦးအေးမင်းအား ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။