မြိတ်မြို့ ဖေဖော်ဝါရီ ၂၈ ရက် ဆန္ဒပြပွဲကို ရော်ဘာကျည်၊ ကျည်အစစ်များဖြင့် ပစ်ခတ်နှိမ်နင်းသဖြင့် အများအပြား ဒဏ်ရာရကာ လူငယ် သုံးဦး ပျောက်ဆုံးနေကြောင်း စုံစမ်း သိရှိရသည်။

ကျည်ဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး မြို့သစ်လမ်းဆုံ တွင်တစ်ဦးနှင့် မြို့သစ်တံတားထိပ် တွင်တစ်ဦး၊ ထားဝယ်စုရပ်ကွက်တွင် တစ်ဦး သေနတ်ထိမှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် ၎င်းတို့၏ အခြေအနေကို ဖေဖော်ဝါရီ ၂၈ ရက်ညနေအထိ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပစ်ခတ်ဖြိုခွင်းချိန် ဆန္ဒပြသူများမှာ ဆိပ်ငယ် တံတားဘက် ထွက်ပြေးသည့်အတွက် ရဲနှင့်တပ်များက လိုက်လံဖမ်းဆီးသောကြောင့် လူငယ်အချို့ ပင်လယ်အတွင်း ခုန်ချထွက်ပြေးခဲ့ကြသည်။

ခုန်ချသူများကို လှေသမားများက ပထော်ကမ်း အထိ ကယ်ထုတ်ခဲ့ကြပြီး သုံးဦးထက်မနည်း ပင်လယ်အတွင်း ပျောက်ဆုံးနေကြောင်း ခုန်ချခဲ့သူများက ဆိုသည်။

ယင်းအပြင်ပရဟိတလုပ်နေသည့် ကားသမား များကိုလည်း ရိုက်နှက်ခဲ့ကြပြီး လက်ရှိ ပရဟိတသမား တစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်ရှိဒဏ်ရာရသူများကို မြိတ်ရှိဆေးရုံများမှ အခမဲ့ကုသပေးနေပြီး ဒဏ်ရာရရှိသူ ဆယ်ချီရှိသည်။

စစ်ကားများ မြိတ်မြို့နေရာအနှံ့တွင် တပ်စွဲထားပြီး ပြည်သူတွေကလည်း ရပ်ကွက်လမ်းများ ကို စစ်ကားများမဖြတ်နိုင်ရန်ကျောက်တုံး၊ သစ်တုံး၊ တိုင်လုံးကြီးများဖြင့် လမ်းတစ်လျှောက် ပိတ်ဆို့ထားကြသည်ကို တွေ့ရသည်။

မြိတ်မြို့တွင် ညနေ ၃ နာရီကျော်အချိန်မှစ၍ အဓိကလမ်းမများတွင် လူအသွားအလာမရှိကြတော့ပေ။

ယင်းအပြင် ရဲသတင်းပေးများနှင့် ရဲများကလည်း နေအိမ်တချို့ကို ဝင်ရောက်ပြီး သပိတ် မှောက်သူများကို ဖမ်းဆီးမှုများရှိနေကြောင်းလည်း သိရသည်။