ဖေဖော်ဝါရီ မှတ်တမ်း

0
1142
editorial

မြန်မာ့သမိုင်းမှာ တစ်ပတ်ပြီး တစ်ပတ် ပြန်လည်နေသည်။ သို့သော် အဆိုးကျော့ သံသရာအတွင်း သက်ဆင်းရင်း ပြန်လည်နေခြင်း ဖြစ်သည်။

သို့သော် ယနေ့ခေတ် လူထုက ယင်းကို လက်မခံနိုင်တော့ပါ။ အထူးသဖြင့် တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်ထားလိုသော လူငယ်ထုမှာ ယင်းအဖြစ်ကို ခါးခါးသီးသီး ငြင်းပယ်နေကြပြီဖြစ်သည်။

ဖေဖော်ဝါရီရက်စွဲများက မြန်မာလူထု၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ဒီမီုကရေစီကို တစ်ပြားသားမျှ ဈေးမလျှော့လိုသော ခိုင်ကြည်စိတ်တို့ကို အထင်းသား ပြသနေနှင့်ခဲ့ပြီး ဖြစ်သည်။

ယင်းမှာ အမျိုးမျိုးသော ယူနီဖောင်းများ အလွန်တွင် ရှိနေသော အရေးအရာဖြစ်သည်။ ယင်းမှာ အဲကွန်းခန်းများ၏ အလွန်၊ ဘယ်ရီဂိတ်များ၊ နံရံတံတိုင်းများ၊ ခြံစည်းရိုးများ၏ အလွန်တွင် ရှိသော အရေးအရာဖြစ်သည်။

တစ်နိုင်ငံလုံး မြို့ကြီးအများအပြားတွင် ပြည်သူလူထု၏ ဆန္ဒကို တစ်ခဲနက် ပြခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် ထားဝယ်မြို့တွင် အာဏာယူကောင်စီ အခြေစိုက်ရာ ရုံး၏ တစ်ဘလောက်သာသာတွင်သာ ရှိသော ဥတ္တံတားကြီးလမ်းဆုံသို့ ခေတ္တထွက်ကြည့်လိုက်လျှင်ကိုမူ လူထု၏ အသံကို သဲသဲကွဲကွဲကြားရပါလိမ့်မည်။

ရက်သတ္တပတ်ပေါင်းများစွာ ဆက်တိုက်ချီတက်ဆန္ဒပြနေသော လူထု၏ လိုအင်ကို ဖေဖော်ဝါရီရက်စွဲများက မှတ်တမ်းတင်ခဲ့ပြီးဖြစ်သည်။

တာဝန်ရှိသူများ မည်သို့ ဆုံးဖြတ်ကိုင်တွယ်မည်ကိုလည်း ဖေဖော်ဝါရီ ရက်စွဲများက မှတ်တမ်းတင်ထားပါလိမ့်မည်။

အယ်ဒီတာ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁)