မျိုးဆက်သစ် တစ်ခုလုံး ရင်းရမည်

0
975
editorial

ပွင့်လင်းလွတ်လပ်၊ ဖူးသစ်စနိုင်ငံတစ်ခုကို ဖေဖော်ဝါရီ ၁ ရက် ဖြစ်ရပ်က ကြက်သေသေသွားစေသည်။ မြန်မာနိုင်ငံရှိ သန်းချီသော လူငယ်များမှာ နှစ်အနည်းငယ်ကြာမျှ ဖြစ်ထွန်းသီးပွင့်ခဲ့သော အညှောင့်ပေါက်စ ဒီမိုကရေစီ ၏ အရသာကို မြည်းစမ်းဖူးသူများဖြစ်ပြီး တောက်ပသော ၎င်းတို့၏ အနာဂတ် အတွက် မျှော်လင့်ချက်ကြီးစွာ ကြိုးစားနေသည့် မျိုးဆက် တစ်ခုလည်း ဖြစ် သည်။

ယင်းမျှော်လင့်ချက်များသည် မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်လည်း ဖြစ်သည်။

ယနေ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ ဆုံးဖြတ်ချက်တစ်ရပ်၊ အရွေ့တစ်ချက်သည် နိုင်ငံ၏ သမိုင်းတစ်ဆစ်ချိုး ဖြစ်ပြီး နိုင်ငံ၏ ပစ္စုပ္ပန်၊ နိုင်ငံ၏ အနာဂတ်၊ နိုင်ငံ၏ မျိုးဆက်တစ်ခုနှင့် အလောင်းအစား လုပ်နေရကြောင်း သတိပြုမိရန် များစွာ အရေးကြီးပါသည်။


ထိုကြောင့် လုပ်ပိုင်ခွင့်အာဏာရှိသူများ အနေနှင့် မိမိတို့၏ ဆုံးဖြတ်ချက် ချမှတ်မှုများသည် နိုင်ငံတစ်ခု၊ မျိုးဆက် တစ်ခုနှင့် ချီသော ဆုံးဖြတ်ချက်များ ဖြစ်ကြောင်း အထူးအလေးဂရုပြုပြီး လုပ်ဆောင်ရန် များစွာ တိုက်တွန်းပါသည်။

ယနေ့ ဆုံးဖြတ်ချက်များသည် သမိုင်းမှတ်ကျောက်တင်သွားမည့် အရေးဖြစ်ကြောင်း၊ မိမိတို့၏ အမည်ကို သမိုင်းတွင် ပုံစံအမျိုးမျိုးဖြင့် ရေးထိုးခံမည့် အရေးဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြလိုပါသည်။

အယ်ဒီတာ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁)