ပုံပြင်

ပုံပြင်
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“မေမေ ပုံပြောပြနော်။ သမီး မအိပ် ချင်သေးလို့”

ဟော ထုံးစံအတိုင်း စလာပြီ။ ကြီးကောင်ဝင်လာတာတောင် ပုံပြင် နားထောင်ချင်စိတ် မပျောက်သေး။

“ပုံပြင်တော်တော်များများက သမီး နားထောင်ပြီးသား ဖြစ်နေပြီလေ။”

“မေကလဲ ခါတိုင်းလိုပဲ လက်တန်း စဉ်းစားပြီး ဟိုစပ်ဒီစပ်ပြောပြလေ”
“အေးပါ အေးပါ”

ဟိုးတစ်ခါတုန်းက စိမ်းလန်းစိုပြည်ပြီး သီးပင်စားပင်တွေလည်း ပေါကြွယ်ဝတဲ့ တောင်ခြေရွာလေးတစ်ရွာ ရှိသတဲ့။ ရွာသူရွာသားတွေကလည်း ရှိသမျှနဲ့ ရောင့်ရဲတင်းတိမ်ကြပြီး ပျော်ပျော်ပါးပါး နေတတ်ကြသတဲ့။

တစ်ရက်တော့ တောင်ပေါ်တောနက်ထဲက ဘီလူးမိစ္ဆာတစ်ကောင်ဟာ ရွာထဲ ကို ဝင်လာ၊ ရွာလယ်ဇရပ်ကို ခြေကုပ် ယူပြီး လူသားကော တိရစ္ဆာန်ပါမကျန် ဖမ်းဆီးစားသောက်ဝါးမျို ဖို့ကြံသတဲ့။ ဘီလူးကြီးက ဝရဇိန် လက်နက်ငါးမျိုး ကိုပါ ပိုင်ဆိုင်တာ သိကြတော့ ရွာသား တွေဟာ အင်မတန် ထိတ်လန့်ကြောက်ရွံ့ပြီး ဘီလူးကြီးကို ဘယ်လို ရင်ဆိုင်ရမလဲ မသိဖြစ်နေတာပေါ့။ လူကြီးတချို့က ငါတို့ရင်ဆိုင်လို့ မနိုင်မယ့်အတူတူ အလှည့်ကျကျွေးမွေး ကြမယ်လို့ တိုင်ပင် ကြသတဲ့။

ဒါပေမယ့် ကာလသား လူငယ်တွေ က လုံးဝလက်မခံကြဘူးတဲ့။ ဒီတဏှာရာဂ အင်မတန်ကြီးတဲ့ အကောင်ကြီးကို ဘယ်လောက်ကျွေးကျွေး ဝလာမှာ မဟုတ်ဘူး။ ကျုပ်တို့ မျိုးတုံးရုံပဲ ရှိမှာ။ တစ်ရွာလုံး အင်အားနဲ့ တွန်းလှန်မှ ရမယ်လို့ ပြောသတဲ့။ ဒါနဲ့ပဲ ဘီလူးကြီးကို ရင်ဆိုင်ဖို့ နည်းလမ်းကို အတူ စဉ်းစားပြီး အဖြေရှာကြတာပေါ့။ ဘီလူးကြီးကတော့ ပုတ်သင်ညိုနဲ့ တောက်တဲ့ပါမကျန် တွေ့ သမျှ အကုန်ဖမ်းစားနေတာ ဘီလူး အင်္ဂါရပ်နဲ့တောင် မညီတော့ဘူးတဲ့။ ဘယ်လောက်တောင် ငတ်ပြတ်နေလိုက်သလဲ ဆိုတာ။

ရွာထဲက ဗေဒင်ကိန်းခန်းတတ်တဲ့ ဆရာ အခါပေးတဲ့အချိန် မနက် ကိုးနာရီ တိတိမှာ တစ်ရွာလုံး အိမ်တံခါးပိတ် ဝတ်ကောင်းစားလှတွေဝတ် အိုးစည် ဗုံမောင်းနဲ့ ထွက်လာကြသတဲ့။

ရှေ့ဆုံးတန်းက ကာလသား ကာလသမီး၊ နောက် လူလတ်တန်း၊ လူကြီးတန်း၊ ကလေးတန်း၊ အားကောင်း မောင်းသန် လူငယ်တွေက နောက်ဆုံးမှ လှည်းတွေမောင်းပြီး လိုက်ပါလာကြသတဲ့။ လှည်းပေါ်မှာတော့ စားသောက် ချက်ပြုတ်စရာတွေအပြည့် ထည့်လာကြသတဲ့။

ရွာလယ်ဇရပ်ကို ရောက်တော့ ရွာသားတွေက အရင် စည်းသုံးတန်တားပြီး အတန်းလိုက်ဝိုင်းထားကြတာပေါ့။ မိစ္ဆာကြီးက အရမ်းကို အံ့အား သင့်သွားတာသတဲ့။ အောင်မာ ဒီကောင်တွေက ဘာတွေလဲ ဝရဇိန်လက်နက် ပိုင်ဆိုင်ထားတဲ့ ငါ့ကိုများ မကြောက် မလန့် ပမာမခန့်နဲ့ ဆိုပြီး ရူးရှဲ ဗျူးဗြဲတွေ လုပ်သတဲ့။ သူပစ်လွှတ်သမျှ လက်နက်တွေကို ဒန်အိုးအဖုံးမှာ ကပ်စေး နဲတွေ ကပ်ပြီး ကာကွယ်တော့ လက်နက် တွေက အိုးအဖုံးမှာ ကပ်နေတော့တာပေါ့။ သူလက်နက်တစ်ခါထုတ်တိုင်း ကာလ သမီးတွေက လင်ဗန်းတီးကြသတဲ့။ အဖိုးအဖွားတွေက နှဲမှုတ်ကြသတဲ့။ ကလေးတွေက ဝါးလက်ခုပ်တီးကြသတဲ့။ သံစဉ်မပီဘဲ ကီးကြောင်နေတော့ သိပ်ကို နားမခံသာအောင်ဖြစ်နေတာပေါ့။ ရွာသားတွေက ပြောင်းဖူးဖက်နဲ့ လုပ်ထားတဲ့ နားကာလေးတွေ ကိုယ်စီနဲ့တဲ့။ ဒါအပြင် ထိုင်လိုက်ထလိုက်နဲ့ လူလှိုင်း တွေ လုပ်ပြီး ဘီလူးမျက်စိနောက်အောင် လုပ်ကြသတဲ့။

နောက်ထပ်ထိုးစစ်တစ်ခုကတော့ နောက်ဆုံးတန်းကနေ ထွက်လာတဲ့ အင်မတန်ရနံ့မွှေးကြိုင်ပြီး အရသာ စုံလင်တဲ့ ဟင်းပေါင်းစုံ အနံ့တဲ့ကွယ်။ ရသာတဏှာ အင်မတန်အားကြီးတဲ့ ဘီလူးအတွက်တော့ အတော့်ကို မခံစား နိုင်တဲ့ အကွက်ပေါ့။ အံ့အားအသင့်ဆုံး ကတော့ ရွာသားတွေရဲ့ မျက်နှာမှာ အကြောက်တရားကို မတွေ့ရတာကိုပေါ့။
သူဘယ်လောက်ပဲ မာန်ဖီဖီ လက်နက် အမျိုးမျိုး ထုတ်သုံးပေမယ့် ရွာသားတွေ က နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ကြတော့ သူ့ကမ္ဘာပျက်တော့တာပေါ့။ အစာမစားရ။ ကီးကြောင်ဂီတသံကို နားဆင်ရ။ ရွာသားထုရဲ့ တည်ငြိမ်မှု၊ အမျိုးသမီးထုရဲ့ ပါးစပ်စွမ်းပြမှုကို မခံစားနိုင်တဲ့ အဆုံး ခုနစ်ရက်မြောက် နေ့ကို ရောက်တဲ့ အချိန်မှာတော့ မြေပေါ်ကို ဗုန်းဗုန်းလဲကျ အသက်ငင်နေ တော့တာပေါ့။ ထမင်းအသက် ခုနစ်ရက် ဆိုတာကိုး။ အဲဒီတော့မှ ရွာသားတွေက သံကြိုးနဲ့တုပ်ပြီး မရုန်းနိုင်အောင် ထားထားတာပေါ့။
ညကလည်းနက် သူတို့တွေကိုယ် တိုင်လည်း ခုနစ်ရက်လုံးလုံး တောင့်ခံ ထားကြရတာဆိုတော့ အင်မတန် ပင်ပန်းကြတာနဲ့ မနက်ကျမှ စီရင်မယ်ဆိုပြီး စိတ်ချလက်ချ အိပ်ပျော်သွားတော့တာပေါ့။

မနက်မိုးလင်းလည်းရောက်ကော အကုန်လုံး အံ့သြကြရပြန်ရောတဲ့။ ဘီလူးကြီး ကို ကြိုးချည်ထားတဲ့ နေရာမှာ တွင်းနက် နက်ကြီး တစ်တွင်းပဲရှိပြီး ဘီလူးကြီးကို အစအနတောင် မမြင်ရတော့ဘူးတဲ့။ တွင်းအောက်ခြေ ဘယ်လောက်နက်သလဲဆိုတာ ဘယ်လိုမှ မခန့်မှန်း နိုင်ဘူးတဲ့။ ရွာသားတွေလည်း တွင်းကို သစ်လုံးတွေနဲ့ ကန့်လန့်ဖြတ်ဖုံး အပေါ်ကနေ မြေဖို့ ပြီး ကျောက်တုံးတွေနဲ့ အပြီးတိုင်ပိတ်ထား လိုက်တယ်။

“ညီညွတ်ရင် မိစ္ဆာ မခံနိုင်” ဆိုတဲ့ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားပြီး သားစဉ် မြေးဆက် ဂုဏ်ယူ ဝင့်ကြွားစွာ ပြန်ပြောပြကြသတဲ့။ ပုံပြင် လေးကတော့ ဒါပါပဲ သမီးရေ။

သမီးငယ်က မေ သမီးတို့ ရေသန့် တွေ၊ စနိုးတာဝါတွေ ဝယ်ရမယ်နော်နဲ့ ဗလုံးဗထွေး ရေရွတ်နေလေရဲ့။ အိပ်ချင် မူးတူးပြီးဖြစ်ပြီး ပုံပြင်နဲ့ လက်တွေ့ မခွဲခြားနိုင်တော့ဘူး ထင်ပါရဲ့။

စိမ်း